၁၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
လာအိုနဲ့ ထိုင်းနိုင်ငံတို့မှာ ဖမ်းမိခဲ့တဲ့ မက်သာဖက်တမင်း စုစုပေါင်း (၁,၆၉၉) ကီလိုဂရမ်နဲ့ ပတ်သက်ပြီး၊ ဖိလစ်ပိုင်မှာ ထောက်လှမ်းရေး စောင့်ကြည့်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ကြဖို့နဲ့ စုံစမ်းစစ်ဆေးမှုကို တိုးချဲ့သွားဖို့ကို ဖိလစ်ပိုင်နိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟိုဆေး မီလင်စီယို နာတာတက်ဇ်က တနင်္ဂနွေနေ့မှာ အမိန့်ပေးလိုက်ပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေဟာ မနီလာမြို့ကို ပို့ဆောင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးတားဆီးရေး အေဂျင်စီနဲ့ ပူးပေါင်းပြီး နိုင်ငံခြားရဲတပ်ဖွဲ့တွေနဲ့ပါ သတင်းဖလှယ်နေကာ၊ အမှုနှစ်ခုကို သီးခြားစီ စစ်ဆေးသွားမှာဖြစ်ပြီး ဖိလစ်ပိုင်ဥပဒေအရ အရေးယူနိုင်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်သွားမယ်လို့ နာတာတက်ဇ်က ပြောကြားခဲ့ပါတယ်။
ထိုင်းပင်လယ်ကွေ့အတွင်းမှာရှိတဲ့ “East Harbour 1” ငါးဖမ်းသင်္ဘောပေါ်ကနေ မက်သာဖက်တမင်း (၁,၁၇၈) ကီလိုကို သိမ်းဆည်းရမိခဲ့ပြီး၊ အဆိုပါ မူးယစ်ဆေးရဲ့ တန်ဖိုးဟာ ဖိလစ်ပိုင်ပီဆို (၈) ဘီလီယံကျော် ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ထိုင်းလှေလုပ်သား (၆) ဦးကို ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့ကို ပို့ဆောင်ခ ဘတ်တစ်သိန်းစီ ပေးမယ်လို့ ကတိပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
လာအိုနိုင်ငံမှာလည်း အောက်တိုဘာ (၁) ရက်နေ့က လွမ်ပရာဘင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကိုယ်ပိုင် Learjet လေယာဉ်တစ်စီးပေါ်ကနေ အထုပ် (၅၀၀) နဲ့ ထည့်ထားတဲ့ ပီဆို (၃.၅၄) ဘီလီယံခန့် တန်ဖိုးရှိ မက်သာဖက်တမင်း (၅၂၁) ကီလိုကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
မလေးရှားရဲတပ်ဖွဲ့ရဲ့ အဆိုအရ အဆိုပါလေယာဉ်ဟာ ဆူဘန်မြို့က ထွက်ခွာစဉ်က မူးယစ်ဆေး လုံးဝမပါရှိခဲ့ဘဲ၊ လာအိုသို့ ရောက်ရှိပြီးမှ အိတ်ကြီး (၂၃) အိတ်နဲ့ တင်ဆောင်ခဲ့တာပါလို့ ဆိုထားပါတယ်။
လေယာဉ်ပေါ်မှာတော့ စင်ကာပူလေယာဉ်မှူး၊ မလေးရှားလက်ထောက်လေယာဉ်မှူးနဲ့ ဖိလစ်ပိုင်ခရီးသည်တစ်ဦး ပါလာခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
နောက်ပိုင်းမှာတော့ မြေပြင်ဝန်ထမ်းတွေနဲ့ X-ray စစ်ဆေးသူဝန်ထမ်းများ အပါအဝင် လူ (၁၃) ဦးကို ထိန်းသိမ်းခဲ့ကာ၊ လေယာဉ်ငှားရမ်းခဲ့သူမှာ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦး ဖြစ်ပြီး ဒေါ်လာ (၄၉,၅၀၀) ပေးချေခဲ့ကာ၊ ကုန်ပစ္စည်းကို vape ပစ္စည်းများဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု မလေးရှားရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ရွှေတြိဂံဒေသသည် မက်သာဖက်တမင်း ထုတ်လုပ်ရာ အဓိကအရင်းအမြစ်တစ်ခုအဖြစ် ကာလကြာရှည် သိရှိထားကြပြီး၊ ယခုအခါ မူးယစ်ဂိုဏ်းများသည် ကိုယ်ပိုင်လေယာဉ်နဲ့ ငါးဖမ်းသင်္ဘောကဲ့သို့ နည်းလမ်းသစ်များကို ပိုမိုသုံးစွဲလာကြသည်ဟု သတင်းများက ဆိုထားပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ လေယာဉ်ပိုင်ဆိုင်မှုနဲ့ ပျံသန်းမှုမှတ်တမ်းများကို စစ်ဆေးနေပြီး၊ အခြားဖိလစ်ပိုင်နိုင်ငံသားများ ပါဝင်ခြင်း ရှိ၊ မရှိ ဆက်လက်စုံစမ်းနေပါတယ်။
လာအိုနဲ့ ထိုင်းအစိုးရတို့ကို ကျေးဇူးတင်ကြောင်းနဲ့ အာဆီယံမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမည်ဟုလည်း ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတ ဆာရာ ဒူတာတေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

