၁၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ဖိုးစည်
ပြည်တွင်း ကုန်ခြောက်ဈေးကွက်အတွင်းမှာ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၀,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာပြီး ဈေးဆက်တက်ဖို့ရှိနေတယ်လို့ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်အတွင်းက သိရပါတယ်။
လက်ရှိရန်ကုန်က ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်နီအဝင်နည်းနေပြီး ဒိုင်သွင်းဈေးအနေနဲ့ပင် တစ်ပိဿာ ၉,၀၀၀ ကျပ်ကျော် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
“အခုရက်ပိုင်း ကားအဝင်နည်းတယ်။ အရင်က ၁၀၀ လောက် ဝင်တယ်။ အခု ၂၀ ကျော် ၃၀ ပေါ့။ ၅၀ တောင် မပြည့်ဘူး။ ဈေးက ဆက်ပြီးတက်နိုင်သေးတယ်။ နယ်မှာလည်း ကုန်သည်တချို့က လိုက်စုနေကြပြီ။ တချို့ မထွက်သေးတာကို ငွေကြိုချပြီး ဝယ်နေတယ်လို့ ကြားတယ်”ဟု ဘုရင့်နောင်ကုန်စည်ဒိုင်က ကြက်သွန် ကုန်သည်တစ်ဦးက အရှေ့သံလွင်သတင်းမီဒီယာကို ပြောပါတယ်။
လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်ကို အဝင်ဈေးအနေနဲ့ ဆိတ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်းတွေအနေနဲ့ တစ်ပိဿာကို ၇,၃၀၀ ကျပ်ကနေ ၉,၄၀၀ ကျပ်အထိရှိပြီး ကသာဒေသထွက် ကြက်သွန်နီတစ်ပိဿာကို ၇,၂၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ မုံရွာဒေသထွက် ကြက်သွန်တစ်ပိဿာကို ၇,၄၀၀ ကျပ်ကနေ ၉,၃၀၀ ကျပ် ကံဆင့်ဒေသထွက် ကြက်သွန်တစ်ပိဿာကို ၈,၂၀၀ ကျပ်နေ ၉,၅၀၀ ကျပ်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
ပြင်ပဈေးကွက်အတွင်းမှာတော့ ဒေသအလိုက် ကြက်သွန်နီတစ်ပိဿာကို ကျပ် ၁၀,၀၀၀ ကနေ ၁၀,၀၀၀ အထက် အရောင်းအဝယ်လုပ်နေကြတယ်လို့ ရန်ကုန်မြို့ ဒေသခံအိမ်ရှင်မတွေဆီက သိရပါတယ်။
“အခု တစ်ပိဿာကို ၁၀,၀၀၀ တော့ အနိမ့်ဆုံးပေးဝယ်ရတယ်။ အလုံးကြီးတာ၊ လတ်တာအစားစားပေါ့။ ဈေးကကွာတယ်။ ဆိပ်ဖြူရှယ်ဆိုရင် ၁၂,၀၀၀ လောက်ပေးရတယ်” လို ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်လက်ကျန်နည်းပါးနေပြီး မြင်းခြံနဲ့ ပခုက္ကူလို ကုန်စည်ဒိုင်တွေမှာပါ။ ကြက်သွန်အဝင် မရှိသလောက်ဖြစ်နေပြီး ပြည်တွင်းကြက်သွန်ဈေးကွက်မှာ ဈေးအမြင့်ပိုင်းရောက်နေတဲ့အတွက် ဆက်ပြီး သိုလှောင်မထားဘဲ ထုတ်ရောင်းကြဖို့ ကုန်သည်တွေအကြား ဆော်ဩမှုတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် လက်ရှိဈေးနှုန်းအမြင့်ပိုင်းရောက်နေတဲ့အတွက် မကြာမီကာလအတွင်း ဈေးထိုးကျလာနိုင်တဲ့ အလားအလာရှိတယ်လို့လည်း ကုန်သည်အချို့က သုံးသပ်မှုတွေ ရှိနေပါတယ်။

