၁၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဖန်မြို့နယ်မှာ အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းက ထရပ်ကားတစ်စီးရဲ့ ကြမ်းခင်းအောက်မှာ ဝှက်သယ်လာတဲ့ အိုက်စ် (Crystal Methamphetamine) မူးယစ်ဆေးဝါး ၃၅၀ ကီလိုဂရမ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာက ဖန်မြို့နယ်၊ မယ်ရင်ဒေသ၊ အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ ပူဂင် မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်မှာ ဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကတော့ ဘန်ကောက်မှတ်ပုံတင်နံပါတ်ပါ အဖြူရောင် ခြောက်ဘီးကုန်တင်ယာဉ်တစ်စီးဟာ ဖယောင်းခရိုင်ဘက်ကို မောင်းနှင်လာချိန် ရဲတပ်ဖွဲ့က စစ်ဆေးဖို့ တားဆီးခဲ့တာဖြစ်ပြီး ကားပေါ် လိုက်ပါလာတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အပြုအမူတွေက သံသယဖြစ်စရာရှိလို့ ရဲတပ်ဖွဲ့ဝင်တွေက အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာကနေ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီလို စစ်ဆေးရာမှာ ကုန်တင်ကားရဲ့ ကြမ်းခင်းအောက် လျှို့ဝှက်အခန်းတစ်ခု ဖန်တီးထားတာကို တွေ့ရှိခဲ့ပြီး အဲဒီအခန်းထဲကနေ အစိမ်းရောင် လက်ဖက်ခြောက်အိတ်တွေနဲ့ ထုပ်ပိုးထားတဲ့ အိုက်စ်အထုပ် ၃၅၀ ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူနှစ်ဦးဟာ အဲဒီမူးယစ်ဆေးဝါးတွေကို မယ်ဆိုင်နယ်စပ်ဒေသကနေ ရယူလာခဲ့တာဖြစ်ပြီး ဘန်ကောက်မြို့အနီးက သမုတ္တရာပရာကန် (Samut Prakan) ခရိုင်ကို ပို့ဆောင်ဖို့အတွက် ဘတ်ငွေ ၃ သိန်းနဲ့ သယ်ယူပို့ဆောင်ပေးဖို့ ငှားရမ်းခံခဲ့ရတာလို့ ထွက်ဆိုထားပါတယ်။
လက်ရှိမှာတော့ ဖန်မြို့နယ် ရဲစခန်းက စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ချင်းရိုင်ခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနတို့ ပူးပေါင်းပြီး ဒီမူးယစ်ဆေးဝါးသယ်ဆောင်မှုနောက်ကွယ်မှာ ပါဝင်ပတ်သက်နေသူတွေနဲ့ ဆက်စပ်ကွန်ရက်တွေကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

