၁၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
DEMU အဆင့်မြင့် ခရီးသည်တင်ရထားများ စတင် ပြေးဆွဲခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉) လအတွင်း မတော်တဆမှု (၁၁) ကြိမ် ဖြစ်ပွားခဲ့ပြီး လူ (၁၀) ဦး သေဆုံးကာ (၃) ဦး ဒဏ်ရာရရခဲ့တယ်လို့ မြန်မာ့မီးရထားလုပ်ငန်းက သိရပါတယ်။
မြန်မာ့မီးရထားလုပ်ငန်းအနေနဲ့ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွေကို ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်က စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။
အဆိုပါရထားတွေဟာ ခရီးသည်တွေအတွက် ပိုမိုသက်သောင့်သက်သာရှိတဲ့ ခရီးသွားလာမှုကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားပြီး ရန်ကုန်နဲ့ မန္တလေးအကြား ခရီးစဉ်ကိုလည်း ၁၀ နာရီခန့်အတွင်း ပြေးဆွဲပေးနိုင်တာ ဖြစ်ပါတယ်။
ပုံမှန်ထက် မြန်နှုန်းမြင့် အရှိန်နဲ ပြေးဆွဲမှုကြောင့် ရထားလမ်းဖြတ်ကူးသူ ကားဆိုင်ကယ်တွေနဲ့ ရထားလာနေစဥ်အတွင်း မဆင်မခြင် ဖြတ်သန်းမောင်းနှင်မှုတွေကြောင့် မတော်တဆမှုတွေ ဖြစ်ပွားခဲ့ရတယ်လို့ သိရပါတယ်။
တစ်ဆက်တည်းမှာပဲ DEMU ရထားတွေ ပြေးဆွဲနေစဉ်အတွင်း ရထားတွဲတွေကို ခဲနဲ့ပစ်ပေါက်တဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ရထားတွေကို ခဲနဲ့ပစ်ပေါက်တာဟာ ရထားတွဲတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ပျက်စီးစေနိုင်တဲ့အပြင် မှန်ကွဲစတွေကြောင့် ခရီးသည်တွေရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ လုပ်ရပ်ဖြစ်ပြီး အခုလို ဖြစ်စဉ်တွေကြောင့် ရထားခရီးစဉ်တွေ ကြန့်ကြာနိုင်သလို ခရီးသည်တွေရဲ့ လုံခြုံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ ရထားကို အရာဝတ္ထုတစ်ခုခုနဲ့ ပစ်ပေါက်တဲ့ လုပ်ရပ်တွေအတွက်လည်း ဥပဒေနဲ့အညီ အရေးယူနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ရထားလမ်းတစ်လျှောက် နေထိုင်သူတွေနဲ့ ရထားလမ်းအနီး သွားလာနေကြသူတွေအနေနဲ့ ရထားတွေကို ခဲနဲ့ပစ်ပေါက်တာအပါအဝင် အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့ အထူးတိုက်တွန်းထားပါတယ်။
ရထားလမ်းပတ်ဝန်းကျင် ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းခြင်းဟာ ခရီးသည်တွေနဲ့ ရထားဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ရာရောက်တာကြောင့် ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းလိုက်နာကြဖို့ ထုတ်ပြန်ထားပါတယ်။

