၃၀ ဇူလိုင် ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံသား ခရီးသွား YouTuber ဟလွန်ဆိုလိုကို ဂျော်ဂျီယာနိုင်ငံမှာ သေဆုံးလျက်တွေ့ရှိခဲ့ပြီး သေဆုံးရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေပါတယ်။
ဂျော်ဂျီယာနိုင်ငံမှာ (၁၅)ရက်ကျော်ကြာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေခဲ့တဲ့ “ဟလွန် ဆိုလို”ကို မြို့တော် တဘီလီစီက ဟိုတယ်တစ်ခုအတွင်း သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဂျော်ဂျီယာဒေသခံ မီဒီယာ Mtavari က ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီး ဇူလိုင် (၂၉) ရက်မှာ ဖော်ပြခဲ့ပါတယ်။
အခုအချိန်မှာတော့ ဂျော်ဂျီယာအာဏာပိုင်တွေက သေဆုံးရတဲ့အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဟလွန်ဆိုလိုဟာ ဇူလိုင် (၁၃)ရက်နောက်ပိုင်း မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ မိသားစုဝင်တွေ၊ လူမှုကွန်ရက်အသုံးပြုသူတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ ပူးပေါင်းပြီး အပြင်းအထန် ရှာဖွေခဲ့ကြပါတယ်။
ဒီအတောအတွင်း ဂျော်ဂျီယာနိုင်ငံမှာ နေထိုင်တဲ့ ထိုင်းနိုင်ငံသားတွေဖွဲ့ထားတဲ့ လူမှုကွန်ရက်အဖွဲ့ကို စီမံခန့်ခွဲသူ Tom GK ကလည်း ဒေသခံရဲတပ်ဖွဲ့ထံ ကိုယ်တိုင်သွားရောက် အမှုဖွင့်တိုင်ကြားပြီး ရရှိခဲ့တဲ့အချက်အလက်တွေကို တူရကီနိုင်ငံ အန်ကာရာမြို့က ထိုင်းကောင်စစ်ဝန်ရုံးထံ ပေးပို့ထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မိသားစုရဲ့ ကိုယ်ရေးကိုယ်တာနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို လေးစားတဲ့အနေနဲ့ ဒီဖြစ်စဉ်ရဲ့ အသေးစိတ်အချက်အလက်တွေကို မိသားစုဘက်ကပဲ ထုတ်ပြန်သင့်တယ်လို့ Tom GK က ဆိုပါတယ်။
“ဟလွန် ဆိုလို”ကို ရှာဖွေရာမှာ ပါဝင်ကူညီခဲ့တဲ့ “อาสาพาไปหลง” စာမျက်နှာပိုင်ရှင် Wan Chai ကလည်း ဟလွန်ရဲ့ ရုပ်အလောင်းကို တွေ့ရှိထားပြီးဖြစ်ကြောင်း၊ မိသားစုကိုလည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ မိသားစုဘက်ကသာ သင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့လည်း သူက ပြောထားပါတယ်။
လက်ရှိမှာတော့ ဂျော်ဂျီယာအာဏာပိုင်တွေက “ဟလွန် ဆိုလို” ဘာကြောင့် သေဆုံးခဲ့ရသလဲဆိုတာကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

