ဗကြီး
၂၄ ရက်၊ စက်တင်ဘာ ၂၀၂၆။
ထိုင်းနိုင်ငံ ဖူးခက်ကျွန်းက မိန်းကလေး ရော်ကာ နေနေ ရွိုင်ယယ်ဟာ စက်တင်ဘာ ၂၃ ရက်က American Got Talent ပြိုင်ပွဲမှာ ပြိုင်ဖက် (၉)ဦးကို ကျော်ဖြတ် ဗိုလ်စွဲပြီး ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၃ သန်း ရရှိခဲ့ပါတယ်။
အမေရိကန် ရော့ခ်အဖွဲ့ The White Stripes ရဲ့ Seven Nation Army သီချင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့တဲ့ နေနေရဲ့ အရည်အချင်းကို American Got Talent ပြိုင်ပွဲ ဒိုင်လူကြီးတွေက ချီးကျူးခဲ့ကြကာ အပိုင်း ၂၁ ဗိုလ်လုပွဲ ယှဉ်ပြိုင်မှုကို အမေရိကန်မှာ စက်တင်ဘာ ၂၃ ရက်က ထုတ်လွှင့်ပြသခဲ့ပါတယ်။
ဖူးခက်ကျွန်းက အသက် ၁၆နှစ်အရွယ် မိန်းကလေးဟာ ထိုင်းပရိသတ်များကြား လူကြိုက် အများဆုံး ဖြစ်ပြီး ဒေါ်လာ ၁သန်း ဆုရှင် ဖြစ်လာခဲ့ကာ မဲလ်ဘီနဲ့ အခြား ဒိုင်လူကြီးတွေက နေနေရဲ့ တစ်ကိုယ်ရည် အရည်အချင်းကို ချီးကျူးခဲ့ကြပါတယ်။
မဲလ်ဘီက သူ့အနေနဲ့ အပြတ်အသတ် အနိုင်ပေးတဲ့ ခလုတ် Golden Buzzer ကို နှိပ်လိုက်ရတဲ့ ဂုဏ်ယူကြောင်း ပြောကြားပြီး နေနေရဲ့ ဖျော်ဖြေ တင်ဆက်မှုမှာ ထူးဆန်းတဲ့ ခံစားချက်ကို ချီးကျူး ပြောဆိုခဲ့ကြပြီး နေနေရဲ့ ထူးခြားတဲ့ စတိုင်လ်ကိုလည်း ဒိုင်လူကြီးတွေက ချီးကျူးခဲ့ကြပါတယ်။
သူနေထိုင်ရာ ဖူးခက်ကျွန်းဟာ ကမ္ဘာမှာ အကောင်းဆုံး နေရာ ဖြစ်တယ်လို့ နေနေက ပြောဆိုထားပြီး နေနေဟာ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ အချက်ကို ထောက်ပြီး မဲလ်ဘီက သမီး ဒီပွဲကို အနိုင်မရရင် ဟောင်ဝီရဲ့ အိမ် အသစ်ကို အန်တီ ရောင်းစားပစ်မယ်လို့ နောက်ပြောင် ပြောဆိုခဲ့ပါတယ်။
ဒိုင်လူကြီး ဆိုဖီယာ ဗာဂါရာက နေနေရဲ့ ကမ္ဘာ တဝှမ်း ရေပန်းစားမှုဟာ ဘယ်သူနဲ့မှ မတူဘူးလို့ ပြောကြားခဲ့ပြီး “သမီးက ထူးခြားတယ် American Gor Talentပြိုင်ပွဲကို သမီး လာပြိုင်တဲ့ အတွက် ရော့ခ် ဂီတ လောကက သမီးကို ကျေးဇူးတင်ပြီး ဖြစ်ပါတယ်”လို့ ဗာဂါရာက ပြောကြားပါတယ်။
ဟောင်ဝီက နေနေဟာ အကြီးမားဆုံး အရည်အချင်း အရှိဆုံး စင်မြင့်ထက်မှာ အုတ်အော်သောင်းနင်း အဖြစ်ဆုံး ပြိုင်ပွဲဝင် ဖြစ်တယ်လို့ ပြောပါတယ်။
နေနေက American Got Talent ပြိုင်ပွဲရဲ့ အထူးဧည့်သည်တော် အဖြစ် ဖိတ်ကြားထားတဲ့ Linkin Parkအဖွဲ့နဲ့ တွဲဖက်ပြီးတော့လည်း သီဆို ဖျော်ဖြေခဲ့တာကြောင့် ကမ္ဘာတဝှမ်း ပရိသတ်တွေ အားပါးတရရှိခဲ့ကြပြီး ဗိုလ်လုပွဲ မတိုင်ခင် ဖော်ပြထားတဲ့ ရုပ်သံဖိုင်မှာ နေနေက မက္ကဆီကို နိုင်ငံ မွန်တာရေးက အမျိုးသမီးသန့် The Warning အဖွဲ့နဲ့ ဇာတ်တိုက်လေ့ကျင့်နေတာ တွေ့ရပါတယ်။
သူဟာ အသက် (၇)နှစ် အရွယ် ကတည်းက ဘတ် ၁၆၀၀(၆၁ ဒေါ်လာ)တန် ဂီတာနဲ့ ဂီတာ စတီးခဲ့တာ ဖြစ်ပြီး သူတို့ မိသားစု အဲဒီအချိန်က ဝင်ငွေ နည်းနည်းလေးပဲ ရှိခဲ့တာ ဖြစ်ပါတယ်။
“သမီး ဂီတာကို စထိတဲ့ အချိန်မှာ အရမ်းငယ်ပါသေးတယ်၊သမီး စိတ်ထဲမှာ တွေးနေတာက ငါတကယ် ရော့ခ်စတား တစ်ယောက်ဖြစ်ချင်တယ် ဆိုသလိုမျိုးပေါ့၊ အဲဒီအိပ်မက် အမှန်တကယ် ဖြစ်လာခဲ့ပါပြီ” လို့ နေနေက ပြောပါတယ်။

