၂၀ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
ထိုင်းနိုင်ငံ တောင်ဖက်စွန်း နရာသီဝပ် ပြည်နယ် ဆူခီရင် ဒေသမှာ စက်တင်ဘာ ၁၈ရက် နေ့လည်ပိုင်းက လမ်းဘေးဗုံးပေါက်ကွဲပြီး လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်တာ ခံရမှုကြောင့် နယ်မြေ ကာကွယ်ရေး တပ်ဖွဲ့ဝင် စစ်မှုထမ်း နှစ်ဦးသေဆုံးပြီး အခြား ၁၆ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ပါတယ်။
ကာကွယ်ရေး တပ်ဖွဲ့ဝင်များ လိုက်ပါလာတဲ့ ခြောက်ဘီး ထရပ်ကား မိုင်းထိမှန်ပြီးနောက် ပစ်ခတ် တိုက်ခိုက်ခံခဲ့ ရတာ ဖြစ်ပါတယ်။
ဒဏ်ရာရသူ ၁၆ဦး အနက် ၆ဦး ဒဏ်ရာ ပြင်းထန်ကြောင်း ထိုင်းအရာရှိတွေက ပြောကြား ပါတယ်။
မူအန်း ဒေသမှာ ကျင်းပတဲ့ နှစ်စဉ် လှေလှော်ပြိုင်ပွဲက တပ်ဖွဲ့ဝင်တွေ ပြန်လာချိန် နေ့လည် ၃နာရီမှာ တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ဆူခီရင် ရဲစခန်း အကြီးအကဲ ရဲမှူး ပရာဖွတ် လွန်ခတ်က ပြောကြား ပါတယ်။
ထိုင်းတောင်ပိုင်း ခွဲထွက်ရေး သမားများက လွတ်လပ်ရေး ရရှိချိန် အထိ ဆက်လက် တိုက်ပွဲ ဝင်သွားမှာ ဖြစ်ကြောင်း ကြွေးကြော်ထားချိန် အထက်ပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့နဲ့ စစ်သာများ အလျင်အမြန် သွားရောက်ခဲ့ပြီး ခြောက်ဘီး ထရပ်ကား ပက်လက်လတ် မှောက်နေတဲ့ အနေအထားတွေ့ခဲ့ရ ပါတယ်။
ဒဏ်ရာရသူတွေနဲ့ သေဆုံးသူ အချို့ ကားအောက်မှာ ပိနေတာ တွေ့ရတယ်လို့ ထိုင်းအရာရှိတွေက ပြောကြား ပါတယ်။
ကယ်ဆယ်ရေး လုပ်သားများက သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ဆူခီရင် ဆေးရုံသို့ ပို့ဆောင် ထားကြောင်း သိရပါတယ်။
မီတာ ၂၀လောက် အဝေးမှာ ၂မီတာလောက် နက်ပြီး ၃မီတာကျယ်တဲ့ အက်ကွဲရာကြီး တစ်ခု အရာရှိတွေ ရှာတွေ့ခဲ့ပါတယ်။
၅၀ ကီလိုဂရမ် လေးတဲ့ ဟင်းချက် ဂတ်စ်အိုးနဲ့ ပြုလုပ်ထားပုံရတဲ့ ဖောက်ခွဲရေး ပစ္စည်း အပိုင်းအစများ လမ်းမပေါ်နဲ့ အနီးအနား နေရာတွေမှာ ပြန့်ကြဲနေတာ တွေ့ရ ပါတယ်။
စုံစမ်းစစ်ဆေးမှုအရ နယ်မြေ ကာကွယ်ရေး တပ်ဖွဲ့ဝင် စစ်မှုထမ်း ၁၈ဦး လှေပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး နောက် သူတို့ရဲ့ အခြေစိုက်စခန်းသို့ ပြန်လာချိန်မှာ တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့လိုက်ပါလာတဲ့ ထရပ်ကား အဆိုပါ နေရာသို့ ရောက်ရှိချိန်မှာ လမ်းဘေး စိုက်ခင်းတွေထဲ ပုန်းအောင်းနေ တဲ့ တိုက်ခိုက်ရေးသမားများက မိုင်းခွဲခဲ့ပြီး ကားမှောက်သွားချိန်မှာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နယ်မြေကျွမ်းတဲ့ တိုက်ခိုက်ရေး သမားတွေ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း သိရပါတယ်။
ယခု တိုက်ခိုက်မှုဟာ စက်တင်ဘာ ၉ရက်က နရာသီဝပ် ပြည်နယ် တာဝေ တောင်တန်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေး အတွင်း ဗုံးလုပ်သူ နှစ်ဦး သေဆုံးမှု အတွက် လက်စားချေမှု ဖြစ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်များက ယုံကြည်ထားကြ ပါတယ်။
ထိုင်းတောင်ပိုင်းမှာ တိုက်ခိုက်မှုများ ပိုများလာချိန် အာဏာပိုင်တွေက ငြိမ်းချမ်းရေး အတွက် လက်နက်ကိုင် အားလုံးကို ကြိုဆိုတယ်လို့ ကြေညာထား ပါတယ်။
နိုင်ငံတောင်ပိုင်း အခြေအနေနဲ့ ပတ်သက်လို့ ထိုင်းက မလေးရှားနဲ့ ဆွေးနွေးဖို့လည်း စီစဉ်နေပါတယ်။

