၁၅ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကိုရဲ
ထိုင်းနိုင်ငံ စကဲဝ်ခရိုင် အာရန်ယာပရထက်မြို့နယ် နယ်စပ်ဒေသမှာ ကမ္ဘောဒီးယားနိုင်ငံဘက်က သဘာဝလမ်းကြောင်း အသုံးပြုပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၀)ဦးကို ထိုင်းလုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီးခဲ့လိုက်ပါတယ်။
ဖြစ်စဥ်မှာ စက်တင်ဘာ(၁၃)ရက် ည(၁၁)နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလောင်းဟတ် အထူးတပ်ဖွဲ့နှင့် ၁၃၀၁ နယ်ခြားစောင့်တပ်ဖွဲ့တို့ ပူးပေါင်းကာ နယ်စပ်တစ်လျှောက် ကင်းလှည့်စဉ် နောင်ပရူးစစ်ဆေးရေးဂိတ်အနီးရှိ သဘာဝလမ်းကြောင်းမှာ သံသယဖြစ်ဖွယ် လူတစ်စုကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
စစ်ဆေးမှုများအရ ဖမ်းဆီးခံရသူများမှာ အသက်(၂၀)မှ (၄၆)နှစ်အတွင်းရှိ ဘင်္ဂလားဒေ့ရှ် အမျိုးသား(၂၀)ဦးဖြစ်ပြီး ၎င်းတို့ကို ထိုင်းနိုင်ငံအတွင်းသို့ လမ်းပြခေါ်ဆောင်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံသား အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူများကို ခလောင်းနမ်ဆိုင် ရဲစခန်းသို့ ပို့ဆောင်ကာ စစ်ဆေးမေးမြန်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများရဲ့ ထွက်ဆိုချက်အရ ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်မြို့ရှိ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ရန် သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုသို့ အလုပ်အကိုင် လိမ်လည်ခံခဲ့ရကြောင်း ပြောဆိုကာ မွေးရပ်နိုင်ငံသို့ ပြန်ရန် ရည်ရွယ်ပြီး ကမ္ဘောဒီးယား အမျိုးသားတစ်ဦးကို ငှားရမ်းကာ သဘာဝလမ်းကြောင်းမှ တဆင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာခဲ့ကြောင်း ထွက်ဆိုထားပါတယ်။
ရဲတပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂၀)ဦးလုံးကို တရားမဝင် နိုင်ငံအတွင်းဝင်ရောက်မှုနဲ့ အမှုဖွင့် အရေးယူထားပြီး ဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ နိုင်ငံခြားသားများကို တရားမဝင် ဝင်ရောက်စေရန် စီစဉ်ပေးသည့် လူမှောင်ခိုကွန်ရက်နဲ့ ပတ်သက်သူများကိုလည်း ဆက်လက်ဖော်ထုတ်ကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။

