၁၅ စက်တင်ဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ သိရီမင်္ဂလာ ဆန်ဆိုင်းဘုန်းကြီးကျောင်းမှာ နှစ်စဥ် ဝါတွင်းကာလအတွင်း ကျင်းပလေ့ရှိတဲ့ မဟာဝေဿန္တရာဇာတ်တော် ရွတ်ဖတ်ပူဇော်ပွဲနဲ့ မီးရှူးပွဲတော်ကို (၅) ရက်ကြာကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
သိရီမင်္ဂလာဆန်ဆိုင်းဘုန်းကြီးကျောင်းမှာ စက်တင်ဘာ (၁၅) ရက်က စပြီး (၁၉) ရက်အထိ (၅)ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ ပွဲတော်ကာလအတွင်း လူကြီး၊လူငယ် မရွေး ကစားနိုင်တဲ့ ကစားကွင်းများနဲ့ အစားအသောက် မျိုးစုံကိုလည်း ရောင်းချသွားမယ်လို့ ဘုန်းကြီးကျောင်း ဂေါပကအဖွဲ့ဝင်တွေက ဆိုပါတယ်။
မီးရှူးများကို စက်တင်ဘာ ၁၅ ရက်က ပရိတ်တရားရွတ်ဖတ်ပူဇော်ကာ ရေစက်ချမှာဖြစ်ပြီး စက်တင်ဘာ (၁၆) ရက်ကစပြီး မီးရှူးလွှတ်ပွဲများ ပြုလုပ်သွားမည်ဖြစ်တယ်လို့ ဆိုပါတယ်။
“မနက်ဖြန်တော့ မီးရှူးမလွှတ်သေးဘူး။ မီးရှူးတွေကို ပရိတ်တရားရွတ်ဖတ်ပြီး ရေစက်ချမယ်။ ၁၆/ ၁၇/ ၁၈/ ၁၉ ရက်နေ့တွေမှာ မီးရှူးလွှတ်မှာ“ လို့ ဂေါပက အဖွဲ့ဝင်တစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။
မီးရှူးလွှတ်ခြင်းမှာ မဟာဝေဿန္တရာမင်းကို ပူဇော်ခြင်းဖြစ်ပြီး ပစ္စုပ္ပန် ကာလမှာ မိသားစုများနဲ့ အတူ ရှိစေခြင်းနဲ့ ကုသိုလ်ရဖို့ ရည်ရွယ်တယ်လို့ ကျောင်းတိုက်က ရှမ်းဦးဇင်း တစ်ပါးက မိန့်ဆိုပါတယ်။
တာချီလိတ်မြို့မှာ မဟာဝေဿန္တရာပွဲတော် နှစ်စဥ်မြို့အတွင်းရှိ ရှမ်းဘုန်းကြီးကျောင်းများက အလှည့်ကျ ကျင်းပပြုလုပ်နေတာဖြစ်ပြီး ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ သိရီမင်္ဂလာဆန်ဆိုင်း ဘုန်းကြီးကျောင်းက ပွဲတော်ကို ပထမဦးဆုံးစတင်ကျင်းပပြုလုပ်တဲ့ ကျောင်းဖြစ်တယ်လို့ သိရပါတယ်။
မီးရှူးပွဲတော်ကို တာချီလိတ်မြို့ရှိ ရှမ်းလူငယ်များအကြား စိတ်ဝင်စားတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး မီးရှူးတစ်လုံးရဲ့ တန်ဖိုးမှာ အရွယ်အစားနဲ့ အမျိုးအစားအလိုက် ကွာခြားပြီး အနည်းဆုံး ဘတ် (၅၀၀) မှ အများဆုံး ဘတ် (၅,၀၀၀) ကနေ ဘတ် (၁၀,၀၀၀) ကျော်အထိ ရှိတယ်လို့ သိရပါတယ်။

