Language:

ထိုင်းလေကြောင်းလိုင်း (၇) လိုင်းက လေဆိပ်အခု (၂၀) မှာ ခရီးသည်တစ်ဦးစီကို သစ်သီး (၁၀) ကီလိုဂရမ်အထိ အခမဲ့သယ်ဆောင်ခွင့်ပြု


ထိုင်းလေကြောင်းလိုင်း (၇) လိုင်းက လေဆိပ်အခု (၂၀) မှာ ခရီးသည်တစ်ဦးစီကို သစ်သီး (၁၀) ကီလိုဂရမ်အထိ အခမဲ့သယ်ဆောင်ခွင့်ပြု

၂ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

စက်တင်ဘာ (၁)ရက်ကနေ စတင်မယ့် တစ်နှစ်ကြာအစီအစဉ်အရ ထိုင်းနိုင်ငံတဝန်း လေကြောင်းလိုင်း (၇)လိုင်းက လေဆိပ်အခု (၂၀)မှာ ခရီးသည်တစ်ဦးစီကို သစ်သီး (၁၀) ကီလိုဂရမ်အထိ အခမဲ့သယ်ဆောင်ခွင့်ပြုလိုက်ပြီလို့ သက်ဆိုင်ရာအရာရှိတွေက ပြောကြားပါတယ်။

Thai Airways International ၊ Thai AirAsia ၊ Bangkok Airways ၊ Nok Air ၊ Thai Lion Air ၊ Thai Vietjet Airနဲ့ EZY Airlines စတဲ့ လေကြောင်းလိုင်း လေယာဉ်တွေနဲ့ ခရီးသွားမယ့်သူ တစ်ယောက်ချင်းစီ သစ်သီး ၁၀ ကီလိုဂရမ်အခမဲ့ သယ်ယူနိုင်မှာဖြစ်ပါတယ်။

သစ်သီး ထုတ်လုပ်ရာနေရာတွေ ခရီးသွားစုရပ်နေရာတွေကနေ သစ်သီးများကို ခရီးသည်တွေအနေနဲ့ အပိုထပ်ဆောင်း သယ်ယူပို့ဆောင်ခ ပေးစရာမလိုဘဲ သယ်ဆောင်နိုင်ရေး လေဆိပ်တွေနဲ့ ခရီးသွားတွေကို ကူညီပေးဖို့ ထိုင်းအစိုးရက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သစ်သီးများ သယ်ဆောင်မယ့် ခရီးသည်တွေအနေနဲ့ စံသတ်မှတ်ထားတဲ့ ထုပ်ပိုးမှုပုံစံရှိရမှာဖြစ်ပြီး အများဆုံး အလေးချိန် (၁၀)ကီလိုဂရမ် အထိ သယ်ခွင့်ရှိမှာဖြစ်ပေမယ်လို့ ဒူးရင်းသီးလို အနံ့ပြင်းတဲ့အသီးမျိုးကိုတော့ ခရီးသည်တွေ အနှောင့်အယှက်ဖြစ်မှာစိုးရိမ်ရတဲ့အတွက် သယ်ဆောင်ခွင့်ပြုမှာ မဟုတ်ဘူးလို့သိရပါတယ်။

အဲ့ဒီ အစီအစဉ်ကို ထိုင်းပြည်တွင်း ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ စီးပွားရေးဝန်ကြီးဌာနတို့က ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ လေဆိပ်များဆိုင်ရာဌာန၊ လက်တွဲဖော် လေကြောင်းလိုင်း ၇ လိုင်းတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ရပ်လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်ကနေ ၂၀၂၇ ခုနှစ် သြဂုတ် ၃၁ ရက် အထိ ကြာမြင့်မှာ ဖြစ်ပြီး စိုက်ပျိုးရေး တောင်သူတွေ ရာသီစာ ထုတ်လုပ်မှု အထောက်အကူ ဖြစ်စေရေး ထိုင်း အသီးအနှံများ စားသုံးမှု ပိုများလာစေရေးနဲ့ ပြည်တွင်း ခရီးသွားကဏ္ဍ အထောက်အကူဖြစ်စေရေး ရည်ရွယ်ပြီး အခုလို ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဈေးကွက်တွင်းသို့ စိုက်ပျိုးရေး ထုတ်ကုန်များ ဖြန့်ဖြူးရေး လမ်းကြောင်းများ ပိုမို ကျယ်ပြည့်လာစေရေး အစိုးရက ကြိုးပမ်းနေတယ်လို့ စီးပွားရေး ဝန်ကြီးဌာန အကြံပေး အရာရှိ ဘန်ဂျွန်ဂျစ် အန်းဆူဆင်းက ပြောကြားပါတယ်။

#ထိုင်းလေကြောင်းလိုင်း(၇)လိုင်း

#လေဆိပ်(၂၀)မှာ

#သစ်သီး(၁၀)ကီလိုဂရမ်

#အခမဲ့သယ်ဆောင်ခွင့်ပြု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin