၂ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ရန်ကုန်တိုင်းဒေသကြီးအတွင်း HIV ပိုးရှိသူတွေအတွက် နေရာပေါင်း (၆၂) နေရာကနေ ART ဆေးဝါးတွေ ဖြန့်ဖြူးပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ပြောဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ ARTဆေးပေးဌာနနဲ့ ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေးဌာန စုစုပေါင်း ၆၂ ခုကနေ အခမဲ့ ဖြန့်ဝေပေးနေတယ်လို့ တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ဆိုပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းတွေအရ ရန်ကုန်တိုင်းအတွင်း HIV ပိုးရှိသူ ၇၀,၂၅၃ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေကို ကိုးကားပြီး ဦးဗိုလ်ဌေးက တိုင်းဒေသကြီး လွှတ်တော်အတွင်း ဖြေကြားခဲ့ပါတယ်။
HIV ပိုးရှိသူတွေအတွက် လိုအပ်တဲ့ ART ဆေးဝါးတွေ မပြတ်လပ်စေဖို့အတွက်လည်း ဆေးဝါးလိုအပ်ချက်ကို ကြိုတင်တွက်ချက်ပြီး ဝယ်ယူနိုင်ရေးကို နှစ်စဉ် Forecasting Meeting တွေ ပြုလုပ်ကာ စီမံဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ လုပ်ငန်းတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ အကောင်အထည်ဖော်နေပြီး ART ဆေးဝါးဝယ်ယူရေးအတွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲရာမှာလည်း ဦးစားပေးဆောင်ရွက်နေတယ်လို့ ဦးဗိုလ်ဌေးက ပြောပါတယ်။
ဒါ့အပြင် ဆေးလာထုတ်ရမယ့် လူနာတွေအနေနဲ့ အဆင်ပြေပြေ ဆေးဝါးရရှိနိုင်ဖို့ ဆေးထုတ်ယူနိုင်မယ့် အချိန်တွေကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပေးနေတယ်လို့ တိုင်းအစိုးရဘက်က ပြောဆိုထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၂ ခုနှစ်က ထုတ်ပြန်မှုတွေအရ မြန်မာနိုင်ငံမှာ HIV ပိုးနဲ့ နေထိုင်နေရသူ အရေအတွက်ဟာ ၂၈၀,၀၀၀ ခန့်အထိ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

