Language:

ကမ္ဘာ့ဘဏ်က ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် စတီဖန် အန်ဒီဂဝမ်အား ခန့်အပ်


ကမ္ဘာ့ဘဏ်က ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် စတီဖန် အန်ဒီဂဝမ်အား ခန့်အပ်

၂ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

ကမ္ဘာ့ဘဏ်က ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲ ညွှန်ကြားရေးမှူးအဖြစ် စတီဖန် အန်ဒီဂဝမ်အား ခန့်အပ်လိုက်ပြီး ၂၀၂၆ စက်တင်ဘာ (၁) ရက်ကစလို့ နှစ်နိုင်ငံစလုံးအတွက် ကမ္ဘာ့ဘဏ်ရဲ့ စီမံကိန်းများကို တာဝန်ခံအဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

စတီဖန် အန်ဒီဂဝမ်ဟာ အဆိုပါရာထူးတာဝန်ကို ဘန်ကောက်မှာ အခြေစိုက်ကာ ထမ်းဆောင်သွားမှာဖြစ်ပြီး ကမ္ဘာ့ဘဏ်က ထိုင်းနဲ့ လက်တွဲဆောင်ရွက်မှု တိုးချဲ့နေပြီး မြန်မာနိုင်ငံက ထိခိုက်လွယ်တဲ့ အသိုင်းအဝိုင်းတွေကို ဆက်လက်ထောက်ပံ့ကူညီပေးဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

အလွန်အမင်း ဆင်းရဲမွဲတေမှု အဆုံးသတ်ရေး နေထိုင်လို့ကောင်းမယ့် ကမ္ဘာမှာ အားလုံး သာယာဝပြောရေး ပိုမိုကောင်းတဲ့ အလုပ်အကိုင်တွေ ဖန်တီးရေး ကမ္ဘာ့ဘဏ်ရဲ့ အစီအစဉ်ကို ရှေ့တိုးဆောင်ရွက်ပြီး နိုင်ငံတော်ဦးစားပေးကိစ္စများအား ထောက်ပံ့ကူညီပေးရေးတို့အတွက် ညွှန်ကြားရေးမှူးအသစ်က သက်ဆိုင်ရာအစိုးရဌာနများ အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ဖွံ့ဖြိုးမှုကို ရေရှည်ထိန်းသိမ်းနိုင်တာမှာ အားကောင်းတဲ့ ခေါင်းဆောင်မှုရှိပြီး မြန်မာပြည်သူတွေကတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရတယ်လို့ အန်ဒီဂဝမ်က ပြောကြားခဲ့ပါတယ်။

အခွင့်အလမ်းများ ဖန်တီးပေးရေး၊ မိမိတို့ လက်တွဲဖော်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်းနဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ဘဏ်နဲ့ လက်တွဲပြီး ၂၀၃၇ မတိုင်ခင် ဝင်ငွေ မြင့်မားတဲ့နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး ရည်မှန်းထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဘန်ကောက်မှာ ကျင်းပမယ့် ၂၀၂၆ ခုနှစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်နှစ်ပတ်လည် အစည်းအဝေးမတိုင်ခင် ထိုင်းနဲ့ ကမ္ဘာ့ဘဏ်စေ့စပ်မှု နောက်တစ်ဆင့် ရှေ့တိုးဆောင်ရွက်ရေးဟာ စတီဖန်အန်ဒီဂဝမ်ရဲ့ အဓိကဦးစားပေးကိစ္စတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ စီးပွားရေး၊ လူမှုရေးအခြေအနေတွေကို ပိုမိုနက်ရှိုင်းစွာ နားလည်ရေး လေ့လာမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာပြည်သူတွေကို ကမ္ဘာ့ဘဏ်ကနေ စားနပ်ရိက္ခာ ဖူလုံရေး၊ လူ့အသိုင်းအဝိုင်းမှာ ခံနိုင်ရည် ပိုမိုအားကောင်းလာစေရေး ဆက်လက်ကူညီဆောင်ရွက်သွားမှာပါလို့ အန်ဒီဂဝမ်က ပြောကြားပါတယ်။

အန်ဒီဂဝမ်ဟာ အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ အများပြည်သူဆိုင်ရာ မူဝါဒ ပညာဒေါက်တာဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။

#ကမ္ဘာ့ဘဏ်က

#ထိုင်းနဲ့မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး

#စီးပွားရေး

#အန်ဒီဂဝမ်

#အင်ဒီယားနားတက္ကသိုလ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin