Language:

တာချီလိတ်မြို့မှာ အိမ်ခန်းငှားပိုင်ရှင်တချို့က (၃)လစာအတွက် အခန်းခ နဲ့ မီတာခ လျော့ချကောက်ပေးနေ


တာချီလိတ်မြို့မှာ အိမ်ခန်းငှားပိုင်ရှင်တချို့က (၃)လစာအတွက် အခန်းခ နဲ့ မီတာခ လျော့ချကောက်ပေးနေ

၁၉ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ လက်ရှိစီးပွားရေးနဲ့ အလုပ်အကိုင်အခြေအနေတွေ ကျဆင်းနေချိန်တွင် တချို့အိမ်ခန်းငှားပိုင်ရှင်တွေက စက်တင်ဘာလကစပြီး လာမယ့် (၃) လစာအတွက် အခန်းငှားခနဲ့ မီတာခတွေကို လျော့ကောက်ပေးမယ်လို့ အခန်းငှားအိမ်တာဝန်ခံတွေဆီက သိရှိရပါတယ်။

တာချီလိတ်မြို့မှာ စီးပွားရေးလုပ်ငန်းတွေ အရောင်းအဝယ်ကျဆင်းလာတာနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးလာတာကြောင့် အခြေခံအလုပ်သမားများ၊ ဈေးသည်များ၊ ဆောက်လုပ်ရေးလုပ်သားများနဲ့ ကျပန်းလုပ်သားတွေမှာ ဝင်ငွေလျော့နည်းလာပြီး နေ့စဉ်စားဝတ်နေရေး၊ လစဥ် အိမ်ခန်းငှားခအတွက်ပေးဆောင်ရချိန်မှာ အခက်အခဲတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။

“အမတို့က သူများက လျော့ခိုင်းလို့ လျော့ပေးတာတော့မဟုတ်ဘူး။ အရင်ကတည်းက နှစ်တိုင်းလိုလို လျော့ပေးတယ်။ စီးပွားရေးအခြေအနေကြည့်ပြီး လျော့ပေးသင့်ရင် လျော့ပေးတယ်လို့ ” ဆန်ဆိုင်း(က)ရပ်ကွက်နေ အခန်းငှားအိမ်တာဝန်ခံတစ်ဦးက အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။

တာချီလိတ်မြို့မှာ အခုလက်ရှိ စီးပွားရေးအခြေအနေတွေကြောင့် အိမ်ခန်းငှားပိုင်ရှင်တချို့က အိမ်ငှားသူတွေရဲ့ နေ့စဉ်စားဝတ်နေရေး အခက်အခဲတွေကို ထည့်သွင်းစဉ်းစားပြီး အခန်းငှားခကို လျော့ချပေးတာ၊ မီတာခကို လျော့ကောက်ပေးတာလို့သိရှိရပါတယ်။

“(၃)လစာအတွက် အခန်းခနဲ့ မီတာခ လျော့ပေးတာက ကျွန်တော်တို့အတွက် အဆင်ပြေတယ်။ ရတဲ့လစာနဲ့ မိဘကို ပြန်‌ပေးရတာနဲ့ အခန်းခနဲ့ဆို ဘာမှမကျန်ဘူး ။ သွားလာဖို့အတွက် ဓာတ်ဆီထည့်ရတာလည်းစျေးကြီးတယ်။ အိမ်ရှင်ဘက်က နည်းနည်းလျော့ပေးလိုက်တော့ ဘာပဲဖြစ်ဖြစ် တော်တော်သက်သာပါတယ်” လို့ တာချီလိတ်မှာ လာရောက် အလုပ်လုပ်ကိုင်ပြီး အိမ်ငှားနေထိုင်သူတစ်ဦးက ပြောပါတယ်။

အိမ်ခန်းငှားပိုင်ရှင်တွေအနေနဲ့ အိမ်ခန်းငှားရမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီး အစိုးရထံ တရားဝင်ပေးဆောင်ရတဲ့ အခွန်အခတွေအပြင် ဌာနဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ ဝန်ထမ်းတွေကို ပေးဆောင်ရတဲ့ “လက်ဖက်ရည်ဖိုး”အဖြစ် ပေးရတဲ့ ငွေကြေးက အခွန်အခထက် ပိုများနေတယ်လို့ သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

တချို့အိမ်ခန်းငှားတွေမှာ အိမ်ခန်းငှားခနှင့် မီတာခလျော့ပေးတာ မရှိသေးဘူးလို့ သိရှိရပြီး လာမယ့် (၃)လတာ ကာလအတွင်း အခန်းခနဲ့ မီတာခ လျော့ချပေးမှုတွေဟာ လက်ရှိ စီးပွားရေးအခြေအနေကြောင့် ဝင်ငွေလျော့နည်းနေတဲ့ အခန်းငှားနေထိုင်သူတွေအတွက် အနည်းငယ် သက်သာစေနိုင်တာကြောင့် အလားတူ အခန်းငှားပိုင်ရှင်တွေကလည်း အခြေအနေအရ အခန်းခနဲ့ မီတာခတွေကို ဆက်လက်လျော့ချပေးလာမယ်လို့ အခန်းငှားနေထိုင်သူတွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။

#အခန်းငှါးခ

#စီးပွားရေး

#အခန်းငှါးရမ်းခ

#လိုင်းခန်းငှါးပိုင်ရှင်

#ဆန်ဆိုင်းက

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin