၁၀ ဩဂုတ်လ ၂၀၂၆(Easten Thanlwin)
ဇင်ကြီး
တာချီလိတ်မြို့ စံလင်းဖြိုးကွင်းအနားမှာရှိတဲ့ အနောက်မြို့ပတ်လမ်း ပျက်စီးနေတာကြောင့် ကုန်သည်ယဥ်အများစုနဲ့ ဒေသခံတွေတချို့ အသွားအလာ ခက်ခဲမှုတွေရှိနေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ နေ့တွေက မိုးသည်းထန်စွာ ရွာသွားခဲ့တာကြောင့် လမ်းအခြေအနေ ဆိုးသွားခဲ့တာဖြစ်ပြီး မြို့အတွင်းဖြတ်သန်းသွားတဲ့ ကုန်ကား၊ မြေသယ်ကား၊ ကျောက်ကားအများစုဟာ ဒီမြို့ပတ်လမ်းကို အဓိက အားထားသွားလာနေရတာဖြစ်တဲ့အတွက် အနီးအနားတစ်ဝိုက်က ဒေသခံတွေအတွက်လည်း အသွားအလာခက်ခဲမှုတွေ ရှိတယ်လို့ သိရပါတယ်။
“လမ်းကချိုင့်တွေ အကြီးကြီးဖြစ်နေပြီ။ ရှေ့ရက်တွေကလည်း မိုးကအရမ်းရွာထားတော့ တစ်ချို့နေရာတွေဆို မြေပျိုကျနေပြီ။ ကျွန်တော့်ကားဘီးဆိုရင် ဟိုနေ့က ပြုတ်တောင်ပြုတ်ကျတော့မှာလို့” ကုန်ကားမောင်းတဲ့ ကုန်သည်တစ်ဦးက အရှေ့သံလွင်ကိုပြောပါတယ်။
တာချီလိတ်မြို့မှာ ကုန်သည်တွေအတွက် သီးသန့်သွားလာဖို့ မြို့ပတ်လမ်းများရှိ့ပေမယ့် စံလင်းဖြိုးကွင်းအနီးက မြို့ပတ်လမ်းဟာ မြို့အတွင်း ရေကြီးရေလျှံဖြစ်ရင် ဒေသခံတွေ အဓိကအားထားပြီး သွားလာကြတာကြောင့် အသွားအလာ အဆင်ပြေဖို့အတွက် ပြည်သူတွေအနေနဲ့ မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။
မြို့ပတ်လမ်းကို ပြန်လည်ပြုပြင်ဖို့နဲ့ ထိန်းသိမ်းဆောင်ရွက်ဖို့အတွက် ဌာနဆိုင်ရာကကုမ္ပဏီတစ်ခုကို တင်ဒါစနစ်နဲ့ လေလံပေးပြီး ဆောင်ရွက်ခဲ့တာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ၂၀၂၅ ခုနှစ်က ဖြစ်ပြီး အခုအခါ တစ်နှစ်မပြည့်ခင်မှာပင် မြို့ပတ်လမ်းမှာ အသုံးပြုဖို့ ခက်ခဲတဲ့ အခြေအနေမှာရှိနေတာဖြစ်ပါတယ်။

