၆ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ သြဂုတ်(၆)ရက်နေ့ ညနေပိုင်း (၃)နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်မှ လွှတ်တော်ဥက္ကဌ ၊ ဒုဥက္ကဌနဲ့ တာချီလိတ်ခရိုင်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံပြည်သူတွေပါဝင်တဲ့ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လူထုတွေ့ဆုံပွဲမှာ ဒေသခံများ ကြုံတွေ့နေရတဲ့ အခက်အခဲများ တင်ပြအကူအညီတောင်းခံရာ လောင်စာဆီနဲ့ပတ်သက်ပြီး လုံလောက်မှုမရှိဘဲ အခက်အခဲဖြစ်နေမှုများကို မြို့ဒေသခံတစ်ဦးက လူထုတွေ့ဆုံပွဲမှာ တင်ပြခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ တာချီလိတ်မှာ စက်သုံးဆီတွေ မကြာခနပြတ်လတ်နေပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ မိဘပြည်သူများ ဆီတန်းဆီ တိုးနေရတဲ့အတွက် အခက်အခဲတွေဖြစ်နေပါတယ်။ စက်သုံးဆီကို လျင်မြန်စွာ တင်သွင်းပြီး ရောင်းချပေးပါလို့” ရန်အောင်မြေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက လူထုတွေ့ဆုံပွဲမှာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌတို့ကို တင်ပြခဲ့တာဖြစ်ပါတယ်။
တာချီလိတ်မြို့ကို ထိုင်းနိုင်ငံက ပြီးခဲ့တဲ့လကစတင်ပြီး လောင်စာဆီတင်ပို့ခွင့် ကန့်သတ်လိုက်တာကြောင့် မြို့တွင်းလိုအပ်တဲ့ လောင်စာဆီကို ပြည်တွင်းကအပြင် အခြားနည်းလမ်းတွေ့နဲ့ ဝယ်ယူအသုံးပြုနေရတာကြောင့် ဒေသတွင်း လောင်စာဆီလိုအပ်ချက်ကို ပြည့်မီအောင် တင်သွင်းဖို့ အခက်တွေ့နေတာဖြစ်ပါတယ်။
“နိုင်ငံတော်ကို တင်ပြရမှာပေါ့။ အမှန်ဆို လောင်စာဆီလုပ်ငန်းရှင်အသင်းက လာတင်ပြသင့်တယ်။ သူတို့ လာမတင်ပြတော့ အဆင်ပြေတယ်လို့ပဲ ကျွန်တော်က ထင်တယ်လို့” တာချီလိတ်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စလှယ် ဦးကျော်ငြိမ်းအောင်က အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။
ထိုင်းအစိုးရက မြန်မာကို မဲခေါင်မြစ်ကနေ တဆင့်ခံတင်သွင်းနေတဲ့ လောင်စာဆီနဲ့ပတ်သက်ပြီး ကန့်သတ်လိုက်တာကြောင့် ဒေသတွင်း လောင်စာဆီရရှိမှု အခက်အခဲဖြစ်ပေါ်နေတာဖြစ်ပြီး သြဂုတ်(၁)ရက်နေ့ကစပြီး ဓါတ်ဆီတစ်လီတာ (၆၅)ဘတ်အထိ ဈေးနှုန်းမြှင့်တက်ခဲ့ကာ ဓါတ်ဆီကို အကန့်အသတ်နဲ့ ရောင်းချနေရကာ ဒီဇယ်မှာတော့ တစ်လီတာ (၆၇)ဘတ်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

