Language:

တာချီလိတ်မှာ ရေကြီးရေလျှံမှုများနဲ့ လောင်စာဆီဈေးကြီးလာမှုများကြောင့် စားသုံးကုန်များ ဈေးတက်


တာချီလိတ်မှာ ရေကြီးရေလျှံမှုများနဲ့ လောင်စာဆီဈေးကြီးလာမှုများကြောင့် စားသုံးကုန်များ ဈေးတက်

၅ သြဂုတ် ၂၀၂၆(Eastern Thanlwin)

ဇင်ကြီး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှုများနဲ့ လောင်စာဆီဈေးကြီးမြင့်မှုများကြောင့် ယခင်ကထက် စားသုံးကုန်များ ပိုဈေးတက်နေတယ်လို့ ဒေသခံတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

မိုးများ အဆက်မပျက် ရွာသွန်းလာလို့ ရေကြီး‌ရေလျှံမှုများဖြစ်ပြီး ဟင်းသီးဟင်းရွက်နဲ့ သီးနှံစိုက်ခင်းများ ပျက်စီးမှုတွေကြောင့် စိုက်ပျိုးသူနည်းပါးလာကာ လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် သယ်ယူစရိတ် ပိုမိုက်ကုန်ကျလာတဲ့အတွက် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်း မြင့်တက်လာပြီး ဒေသခံတွေအနေနဲ့ အခက်ခဲများစွာ ကြုံနေရတယ်လို့လည်း သိရပါတယ်။

“အခုလောလောဆယ်မှာတော့ ငရုတ်သီးနဲ့ ကြက်သွန်နီ အာလူးတို့က ပိုဈေးတက်နေတယ်။ ခါတိုင်းက ဘတ်(၂)သောင်းလောက်ရင်းနိုင်ပေမဲ့ အခုကတော့ လေးငါးထောင်လောက်ပဲ ရင်းနိုင်တော့ တယ်။ ပုံမှန်အတိုင်းဆိုရင် ဒါကဈေးတက်တဲ့အချိန်ဆိုပေမဲ့လည်း မိုးတွင်းဆိုတော့ ဒီဖက်ကရေကြီးတာရယ်၊ စိုက်ခင်းတွေလည်း ပျက်တာကြောင့်နဲ့ စိုက်တဲ့နေရာကို သွားဝယ်ရင်လည်း ဆီဈေးတွေတက်တာကြောင့် ဈေးနှုန်းတွေက ပိုတက်လာတာလို့” တာချီလိတ်ဒေသခံတစ်ဦးကပြောပါတယ်။

တာချီလိတ်ရဲ့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသား၊ ငါးတွေကို ထိုင်းနိုင်ငံက ဝယ်ယူတင်သွင်းရတာရှိသလို ဒေသခံ တိုင်းရင်းသားတွေကလည်း ကျေးရွာစိုက်ခင်းတွေမှာ စိုက်ပျိုးပြီး မြို့ပေါ်ဈေးတွေမှာ ပြန်လည်ရောင်းချတာတွေလည်း ရှိတာပါ။

လက်ရှိမှာ ယခင်ကထက် ရောင်းအား (၄)ပုံမှာ(၃)ပုံလောက် ကျဆင်းသွားကာ လက်လုပ်လက်စား ဈေးသည်တွေအနေနဲ့ အရင်းတောင်ပြန်မရပဲ ပြန်သွားရတဲ့နေ့တွေလည်း ရှိတယ်လို့သိရပါတယ်။

တာချီလိတ်မြို့ပေါ်မှာ စည်ပင်သာယာရေးဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ ဈေး(၄)ဈေးရှိပြီး ပုဂ္ဂလိကက ဖွင့်လှစ်ထားတဲ့ ဈေး(၅)ဈေးရှိကာ သွားလာရေးလွယ်ကူတဲ့ လမ်းဆုံလမ်းခွဲအချို့မှာလည်း လမ်းဘေးကျူးကျော်ပြီး ဈေးဖွင့်လှစ်ရောင်းချနေတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

#ဈေး

#ကုန်ဈေးနှုန်း

#ဟင်းသီးဟင်းရွက်

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin