Language:


တာချီလိတ်မြို့ ဖုန်းဆိုင်တစ်ဆိုင်မှ iPhone 16 ProMax လုယက်မှုဖြစ်ပွား

၁၂ အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့ အာခါစျေးလမ်းမပေါ်ရှိ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးက “Sanay Mobile Tachileik” ဖုန်းရောင်းဝယ်‌ရေးဆိုင်မှာ အမည်မသိအမျိုးသားတစ်ဦးက Iphone 16 pro max တစ်လုံးကို လုယူထွက်ပြေးသွားမှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆိုင်မှာဝန်ထမ်း အမျိုးသမီးတစ်ယောက်ထဲ ရှိနေစဥ် ဖြစ်စဥ်မှာ ယမန်နေ့ အောက်တိုဘာလ (၁၁)ရက်၊ ည(၆)နာရီအချိန်က ဖုန်းလုယူသွားသူ အမျိုးသားက ဖုန်းထုတ်ပြခိုင်းရာမှ အလစ်အငိုက် အခွင့်အကောင်းယူကာ လုယူထွက်ပြေးသွားခဲ့တယ်လို့ ဖုန်းဆိုင်ပိုင်ရှင်က ပြောပါတယ်။

“ဖုန်းကြည့်မယ်ဆိုပြီး ဝင်လာတော့ ပုံမှန်ဧည့်သည်ဆိုပြီး ပြပေးတာပေါ့နော်။ အဲ့အချိန်မှာ ပုံမှန်ပိုက်ဆံ လာတောင်းနေတဲ့ ကလေးတစ်ယောက်ကလည်း ရောက်လာတာ။ သူ့ကို မုန်းဖိုးပေးဖို့ဆိုပြီးတော့ လှည့်ပြီး ပိုက်ဆံ ထုတ်တဲ့အချိန်။ ဟိုကောင်က ဖုန်းကို ယူပြေးသွားတာလို့” ဖုန်းဆိုင်ပိုင်ရှင် ကိုစနေက အရှေ့သံလွင် မီဒီယာကိုပြောပါတယ်။

အဆိုပါ လုယှက်ထွက်ပြေးသွားခဲ့သူမှာ အသက်(၂၀)ကျော်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ယောက်ထဲရှိတဲ့အချိန်ကို အခွင့်ကောင်းယူကာ လုယူထွက်ပြေးခဲ့တာဖြစ်ပြီး။ အဆိုပါအမျိုးသားက ထိုဆိုင်ကိုမဝင်ခင် အနီးက ဖုန်းဆိုင်တစ်ခုကို အရင်ဝင်ရောက်မေးမြန်းခဲ့ပြီး ထိုဆိုင်မှာဝန်ထမ်းများတဲ့အတွက် လုယူခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

လုယက်ခံရတဲ့ဖုန်းမှာ iPhone 16 ProMax ဖြစ်ပြီး တိုင်တေနီယမ်အဝါရောင်ဖြစ်ကာ ဖုန်းမှန်ရဲ့ အောက်ပိုင်းမှာ မှန်ခြစ်သေးသေးတခုပါရှိပြီး ကုဒ်နံပါတ် 91 ZPA ဖြစ်တယ်လို့ သိရှိရပါတယ်။

ဆက်စပ်သတင်းများ

Eastern Thanlwin