၁၀ ရက် အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ အောက်တိုဘာ ၉ ရက်နေ့က တာလော့ရပ်ကွက်ရှိ ဗယ်လင်တိုင်းလက်ဖက်ရည်ဆိုင်အနီးမှာ အရက်သေစာသောက်စားပြီး ဆွမ်းခံကြွနေတဲ့ ဦးဇင်းတစ်ပါးကို မြို့နယ် သာသနာထိန်းသိမ်းရေးအဖွဲ့က ခံဝန်ထိုးကာ လူဝတ်လဲစေခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့မှာ ဗုဒ္ဓသာသနာကို ညှိုးနွမ်းစေပြီး ဝိနည်းတော်နဲ့ မညီဘဲ ဆွမ်းခံကြွနေတဲ့ သံဃာတော်တွေကို မြို့နယ် သာသနာထိန်းသိမ်းရေးအဖွဲ့၊ စုံစမ်းစစ်ဆေးရေး အဖွဲ့(၁)က ရှာဖွေကင်းလှည့်စစ်ဆေးနေချိန် လက်ဖက်ရည်ဆိုင်အနီးက ခရီးသွား ဧည့်သည်များကို သပိတ်နဲ့ ဝင်ထိုးပြီး အလှူခံနေတဲ့ ထိုဦးဇင်းတစ်ပါးကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
မြို့နယ်သာ/ထိန်းအဖွဲ့က ထိုဦးဇင်းကို ဝိနည်းနဲ့မညီဘဲ အလှူခံနေတာကို သတိပေးဖို့ သွားရောက်တွေ့ဆုံခဲ့ရာ ဦးဇင်းရဲ့ ပါးစပ်ထဲက အရက်နံ့များ ရနေပြီး အရက်သေစာ သောက်စားကာ ဆွမ်းခံနေတာကြောင့် ဝမ်းကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်၊ ဝန်ထမ်းကုန်းကျောင်းကို ခေါ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။
ဝိနည်းနဲ့ မညီဘဲ ဆွမ်းခံနေတဲ့ ဦးဇင်းကို ဝန်ထမ်းကုန်းကျောင်းမှာ ခေါ်ဆောင်ထိန်းသိမ်းထားချိန် ၎င်းဦးဇင်းက ကျောင်းပေါ်ကနေ ခုန်ချထွက်ပြေးသွားခဲ့ပြီး ပြန်လည် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဓမ္မသစ္စာကျောင်းတိုက်ဆရာတော်က မိန့်ကြားပါတယ်။
“ဘုန်းဘုန်းအရက်သမားကို ဒီမှာဖမ်းထိန်းသိမ်းထားခိုင်းတာ အချုပ်မရှိ၊ ထောင်မရှိ၊ လက်ထိပ်မရှိတော့ ထိန်းထားခိုင်းတော့ ဟိုကိုယ်တော်က ဘုရားဖူးလိုက်ဦးမယ်ဆိုပြီး လမ်းအတိုင်း ဘုရားပေါ်က ခုန်ချရော ပြန်ဖမ်းထားပြီး ပြန်ပြီးတော့ ထိန်းသိမ်းထားတာ။” လို့ မြို့နယ်သာ/ထိန်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့(၁) ဒုတိယ ခေါင်းဆောင် ဓမ္မသစ္စာကျောင်းတိုက်ဆရာတော်က အရှေ့သံလွင်သတင်းဌာနကို မိန့်ကြားပါတယ်။
ရဟန်းကနေ လူဝတ်လဲစေခဲ့တဲ့ ထိုပုဂ္ဂိုလ်ဟာ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ သဘာဝရိပ်သာ(၂)မှာ နေထိုင်ကာ ဦးတေဇောဘာသ(ခ)ဦးထွန်းအောင်ဖြစ်တယ်လို့ သိရပါတယ်။
အရက်သေစာသောက်စား ဆွမ်းခံကြွမှုကြောင့် မြို့နယ်သာ/ထိန်းအဖွဲ့ ဆရာတော်ကြီးတွေရဲ့ ရှေ့မှောက်မှာ ရဟန်းဘဝနဲ့ မနေထိုင်တော့ပါကြောင်းနှင့် လူအဖြစ်နဲ့သာ နေထိုင်တော့မည်ဖြစ်ပါကြောင်း ထပ်မံတွေ့ရှိပါက ဥပဒေအရ အရေးယူမှုကို ခံယူပါ့မယ်လို့ မြို့နယ်သာ/ထိန်း ဥက္ကဋ္ဌဆရာတော်ထံ ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ (၈) ရက်၊ (၉)ရက်တို့မှာ မြို့နယ်သာ/ထိန်း၊စုံစမ်းစစ်ဆေးရေးအဖွဲ့(၁)က တာချီလိတ်မြို့ရှိ လူစည်းကားရာ နေရာတွေမှာ ဝိနည်းတော်နဲ့မညီတဲ့ ဆွမ်းခံကြွနေတဲ့ သံဃာတော်များကို လှည့်လည်စစ်ဆေး နေချိန် (၂)ရက်အတွင်း ရဟန်း( ၄ )ပါး၊ ကိုရင် (၂)ပါးတို့ကိုလည်း သတိပေးတာနဲ့ သြဝါဒပေးခဲ့တယ်လို့ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

