Language:

တာချီလိတ် မဟာမြတ်မုနိဘုန်းကြီးကျောင်း အနောက်လမ်း ရေမြောင်းစနစ်မရှိတာကြောင့် လမ်းပျက်စီး


တာချီလိတ် မဟာမြတ်မုနိဘုန်းကြီးကျောင်း အနောက်လမ်း ရေမြောင်းစနစ်မရှိတာကြောင့် လမ်းပျက်စီး

၃ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ မဟာမြတ်မုနိဘုန်ကြီးကျောင်း အနောက်ဘက် ဝမ်ကောင်းစျေး သွားလာတဲ့လမ်းမှာ ရေမြောင်းစနစ်တကျ မရှိတာကြောင့် လမ်းပျက်စီးနေပြီး မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ သွားလာရာမှာ အခက်အခဲများရှိနေကြောင်း ဒေသခံများက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

အဆိုပါလမ်းမှာ တစ်ဖက်ခြမ်းရှိ ရေမြောင်းမှာ လမ်းထက်မြင့်နေပြီး လမ်းဘေးတစ်လျှောက် ရေမြောင်းစနစ်တကျ မရှိတာကြောင့် မိုးရွာချိန်နှင့်လမ်းဘေးမှာ စျေးရောင်းချသူများက ရေသွန်ချတဲ့အခါမှာလည်း ရေစီးဆင်းမယ့် နေရာမရှိတာကြောင့် လမ်းမပေါ်မှာ ရေများအိုင်နေပြီး လမ်းပျက်စီးလာခြင်းဖြစ်ကြောင်း ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။

“စျေးလာတဲ့သူတွေက ဒီလမ်းကို အသုံးများတယ်။ ပျက်တဲ့နေရာကို ပြန်ပြင်ရင်လည်း ခဏပဲ၊ ပြီးရင် ရေနဲ့ပြန်ပါသွားတာ။ တချို့ကားတွေဆို အရမ်းမောင်းတယ်။ အန်တီတို့ဆိုင်ထိ ရွံ့ဗွက်တွေ ဆင်းတယ်။ ဆိုင်ကယ်မှောက်တာတွေ၊ လဲတာတွေတော့ မရှိဘူး” ဟု အဆိုပါလမ်းဘေးတွင် စျေးရောင်းချနေသူတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

လမ်းဘေးမှာ စျေးရောင်းချနေသူများအနေနဲ့ ရေမြောင်းစနစ်တကျ ဖော်ဆောင်ပေးပြီး လမ်းပြန်လည်ပြုပြင်နိုင်ရန်အတွက် လိုအပ်ပါက မိမိတို့တတ်နိုင်တဲ့အတိုင်း ဝိုင်းဝန်းလှူဒါန်းမယ်လို့ဆိုပါတယ်။

ယခင်က အဆိုပါလမ်းဘေးရှိ ရေမြောင်းသို့ ရေစီးဆင်းနိုင်ရန် လမ်းအလယ်ပိုင်းမှ ဖြတ်ဖောက်ကာ တစ်ဖက်ရေမြောင်းအတွင်းသို့ ရေများ စီးဆင်းစေရန် ပြုလုပ်ထားသော်လည်း လက်ရှိမှာ အဆိုပါဖြတ်ဖောက်ထားတဲ့ ရေမြောင်းမှာ ပိတ်ဆို့နေကြောင်း အနီးဝန်းကျင်နေသူတစ်ဦးက ပြောပါတယ်။

“အဲ့လမ်းက ခဏခဏပဲ ပျက်နေတာ၊ သွားရလာရတာ အဆင်မပြေဘူး။ ဆိုင်ကယ်တွေလည်း ထိတယ်။ ကျောက်တွေ၊ သဲတွေ၊ ဘိလပ်မြေတွေနဲ့ လာပြင်နေတာတော့ တွေ့တယ်။ ပြီးရင် မကြာဘူး၊ ပြန်ပျက်တာပဲ” ဟု အဆိုပါလမ်းကို နေ့စဉ်ဖြတ်သန်းသွားလာနေသူများက ပြောပါတယ်။

တာချီလိတ်မြို့ရှိ ရပ်ကွက်တွေမှာ ရေနုတ်မြောင်းများ စနစ်တကျရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အိမ်ရှေ့တွေမှာ ရေမြောင်းစနစ်တကျ မရှိခြင်းကြောင့် ရေများ လမ်းပေါ်သို့ လျှံထွက်ကာ လမ်းများ ပျက်စီးနေသည့်အခြေအနေများ ရှိနေကြောင်း ဒေသခံများက ပြောဆိုနေကြတာဖြစ်ပါတယ်။

#ရေမြောင်း

#လမ်းပျက်စီး

#မဟာမြတ်မုနိဘုန်းကြီးကျောင်းအနောက်လမ်း

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin