၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
NPW
ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးခဲ့တဲ့ သူတွေအနက် ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ဆန္ဒပြုလာသူ ၄၆ ဦး ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်က ဦးတင့်ဝေရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ခဲ့သူတွေထဲက ဆန္ဒရှိသူတွေကို ပြည်ပအလုပ်အကိုင်ရရှိရေး မည်သို့ စီမံဆောင်ရွက်ထားသည်လည်းဆိုသည့် မေးခွန်းနဲ့ ပတ်သက်ပြီး ဒုတိယ ဝန်ကြီး ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသူတွေအနက် ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ဆန္ဒပြုလာသူတွေထဲ ထိုင်းနိုင်ငံကို ၁၅ ဦး၊ မလေးရှားနိုင်ငံကို ၂၂ ဦး၊ ကိုရီးယားနိုင်ငံကို ၂ ဦး၊ ဂျပန်ကို ၇ ဦး၊ စုစုပေါင်း ၄၆ ဦး ဆန္ဒပြုထားပြီး မလေးရှားကို သွားဖို့ လူတွေ့စစ်ဆေးအောင်မြင်ပြီးသူ ၆ ဦးနဲ့ ထိုင်းကိုသွားဖို့ အဆိုပြုထားသူတွေကို စေလွှတ်ဖို့ စီစဉ်နေတယ်လို့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒုတိယ ဝန်ကြီးက ပြောပါတယ်။
“မလေးရှားနိုင်ငံကို ၆ ဦး စေလွှတ်နိုင်ရေး ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံအတွက်လည်း ဆက်လက် ဆောင်ရွက်နေပါတယ်။ ’’လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ဆိုပါတယ်။
အခုလို စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ အဆိုပြုထားတဲ့အရေအတွက်ဟာ စစ်မှုထမ်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးရေနဲ့ ယှဉ်ရင် အလွန်နည်းပါးနေတယ်လို့ မေးခွန်းမေးမြန်းခဲ့တဲ့ ကိုယ်စားလှယ်က ပြောပါတယ်။
“ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးရေက သိန်းဂဏန်းလောက်ရှိနေပြီ။ အခုလာဖြေတာ လူလေးငါးဆယ်လောက်ပဲ ရှိတယ်ဆိုတော့ အင်မတန်နည်းပါတယ်။ ဒါကလည်း မလုပ်ချင်တာတော့ မရှိနိုင်လောက်ဘူး။ သိတာနည်းတာလည်းပါမယ်။ နောက် ဒီလို စေလွှတ်တာမှာလည်း သူတို့ ကိုယ်ပိုင်ငွေကြေး မတတ်နိုင်တာလည်း အကြောင်းတစ်ချက်ဖြစ်လိမ့်မယ်လို့ ယူဆတယ်။ ”ဟု ဦးတင့်ဝေက ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသူတွေ အလုပ်အကိုင်ရရှိရေးအတွက် စစ်မှုတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူတွေ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းကာ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်တွေရရှိအောင် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ကာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်တွေကို စတင် အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ စစ်မှုထမ်းနည်းဥပဒေကို ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်တာမှာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ သတ်မှတ်ချက်တွေနဲ့ အကျုံးဝင်သူ အမျိုးသားတွေကို ဆင့်ခေါ်နေပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဆောင်ဖို့ အသက်အရွယ်အရ အကျုံးဝင်သူ အမျိုးသားဦးရေ ၆ ဒသမ ၂ သန်းခန့် ရှိတယ်လို့ ဆိုထားပါတယ်။

