၂ ရက် အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ လူငယ်များ သောက်သုံးနေကြတဲ့ ကထွန့်ခေါ် ဘိန်းစာရွက်ပြုတ်အရည်ကို (၁၀၀)မီလီလီတာနှင့် အထက်လက်ဝယ်တွေ့ရှိပါက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့အရေးယူနိုင်ကြောင်း ကြယ်ပွင့်မပြမေးခွန်းကို သက်ဆိုင်ရာဝန်ကြီးက စာနှင့်ရှင်းလင်းဖြေကြားလိုက်တာဖြစ်ပါတယ်။
တာချီလိတ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က ကထွန့်ခေါ် ဘိန်းစာရွက်ပြုတ်အရည်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအထဲတွင် ထည့်သွင်း ပြဌာန်းပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ အမြန်ဆုံး တားဆီးကာကွယ်သွားရန် အစီအစဉ် ရှိ၊ မရှိ နှင့် ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်မှာ ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။
ပြဌာန်းထားတဲ့ ဥပဒေကြောင်းအရ ဘိန်းစာရွက်နဲ့ပါတ်သတ်ပြီး အရွက်အစို၊ အခြောက်၊ အမှုန့်ကို သတ်မှတ်အလေးချိန်ထက်ကျော်လွန်ပါက ဥပဒေအရ အရေးယူနိုင်ပေမယ့် ဘိန်းစာရွက်အရည်နဲ့ပါတ်သတ်ပြီး ပြဌာန်းချက်မပါရှိတဲ့ အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းထားတာဖြစ်ပြီး ဝန်ကြီးဌာနကလဲ (၁၀၀)မီလီမီတာအထက် လက်ဝယ်တွေရှိရင် မူးယစ်ဥပဒေအရ အရေးယူထားသည်ဟု ပြန်လည်ဖြေကြားထားခြင်းဖြစ်ပါတယ်။
“ဝန်ကြီးဌာနက ဖြေတာနဲ့ မြေပြင် တရားစွဲဆိုမှုတွေမှာ အနည်းငယ်တော့ ကွဲလွဲပါတယ်၊ ဒါလဲ နောက်ပိုင်း အဆင်ပြေသွားနိုင်ပါတယ်။ အဓိကတော့ ကထောင့်နဲ့ပါတ်သတ်တဲ့ တစ်ချို့အမှုတွေမှာ ၁၉(က)တင်မကဘူး နယ်စပ်ဖြတ်ကျော်ယူဆောင်လာတဲ့အတွက် ၂၀(က)နဲ့ပါ တရားစွဲတာတွေရှိတဲ့ဟာပါ”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်မှ အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
မူးယစ်ဥပဒေပုဒ်မ ၂၆၊ ပုဒ်မခွဲ (ဋ) အရ ကျန်းမာရေးဝန်ကြီးဌာနက ရောင်းချရန်အတွက် သတ်မှတ်ထားတဲ့ ပမာဏမျာထက် မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးပါဝင်တဲ့ အရည်များကို (၁၀၀) မီလီလီတာနှင့်အထက် လက်ဝယ်တွေ့ရှိပါက ရောင်းချရန် လက်ဝယ်ထားရှိသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဘိန်းစာရွက်မှာ (၆)ကီလိုဂရမ်နှင့်အထက်ကို ၁၉(က)အရ ပြစ်မှုမြောက်ပြီး ဘိန်းစာရွက်အရည်မှာ အရွက်ကို အနည်းငယ်သော အလေးချိန်နဲ့ ပြုတ်ပြီး မီလီလီတာ(၁၀၀)အထက် ဖမ်းဆီးရမိလျှင် ပြစ်မှုကျူးလွန်သူကို အထက်ပါပုဒ်မအရ တရားစွဲဆိုသည်မှာ မျှတမှုမရှိလို့ ဥပဒေကျွမ်းကျင်ပညာရှင်များက ထောက်ပြပြောဆိုနေခြင်းဖြစ်ပါတယ်။
“အရွက်က (၆)ကီလိုဂရမ် အထက်ကို ၁၉(က)ဆိုတာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ပြုတ်ရည်ကျတော့ အရွက်(၄/၅)ရွက်နဲ့ ပြုတ်လဲ (၁၀၀)မီလီလီတာ ထွက်တယ်လေ၊ အဲ့တော့ ဟိုဘက်က(၆)ပိသာ၊ ဒီဘက်က (၄/၅)ရွက် ပြုတ်ပြီးထွက်လာတဲ့ အရည်(၁၀၀)မီလိီလီတာ ဥပဒေပုဒ်မက အတူတူဆိုတော့ မမျှတဘူးလို့ထင်တယ်”လို့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
သက်ဆိုင်ရာဝန်ကြီးက ကြယ်ပွင့်မပြမေးခွန်းနဲ့ပတ်သတ်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၁)အရ မူးယစ်ဆေးဝါးဆိုသည်မှာ “ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ မူးယစ်ဆေးဝါး ဖြစ်သည်ဟု ကြေညာထားသည့် အပင်တစ်မျိုးမျိုး၊ ယင်းအပင်တစ်မျိုးမျိုးမှထွက်ရှိသော သို့မဟုတ် ထုတ်လုပ်သော အရာဝတ္ထုများ၊ ဆေးဝါးများ”ဟု ပြဋ္ဌာန်းထားတယ်လို့ဆိုပါတယ်။
ကထွန့် (Kratom)ခေါ် ဘိန်းစာရွက်ကို ရောင်းချနေတဲ့ဆိုင်များကို သက်ဆိုင်ရာတာဝန်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ (၂၀၂၄) ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ဘိန်းစာရွက်အမှုပေါင်း (၃ဝ) မှု၊ ဘိန်းစာရွက် အလေးချိန် (၇၄၉) ကီလို၊ ဘိန်းစာမှုန့် ၀.၅ ကီလို၊ ဘိန်းစာရွက်ပြုတ်ရည် ၁၀၃၉ လီတာ၊ တို့ကို ဖော်ထုတ်ဖမ်းဆီးပြီး အရေးယူဆောင်ရွက်ခဲ့တယ်လို့ အရေးယူဆောင်ရွက်ခဲ့ကြောင်း ဖြေကြားချက်အရ သိရပါတယ်။

