၃ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ရှမ်းခရစ်ယာန်အသင်းအတွက်ဟုဆိုကာ သာသနာရေးအမည်ခံပြီး မိုင်းတုံမြို့နယ်အတွင်းက သယ်ဆောင်လာတဲ့ သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်တွင်းက မိုင်းတွင်းစုပေါင်းဂိတ်မှာ ပြီးခဲ့တဲ့ အပါတ်က ဖမ်းဆီးထားတယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
မိုင်းတုံမြို့နယ်အတွင်းက ထွက်ရှိတဲ့ သစ်တွေကို မိုင်းတုံမြို့နယ်မှ “ဝ”တပ်ဖွဲ့ စစ်ဒေသ(၁၇၁)ဧရိယာဖြစ်တဲ့ ဝမ်ဟုန်ဒေသအတွင်းက ဖြတ်သန်းပြီး တာချီလိတ်ကို သယ်လာတဲ့ သစ်တွေကို မိုင်းတွင်းစုပေါင်းဂိတ်က ပြီးခဲ့တဲ့ အပါတ်မှာ တရားမဝင် သစ်မှောင်ခိုမှုနဲ့ ဖမ်းဆီးအရေးယူထားတာဖြစ်ပါတယ်။
“သစ်ကားက နားကောင်းမှုနဲ့ ဟွေအောဘက်ကနေ ရှမ်းခရစ်ယာန်အသင်းအတွက်ဆိုပြီး ပျဉ်းကတိုး၊ ကျွန်းနဲ့ ပိတောက်ကို သယ်လာတာ ကားအမိုးဘဲအုပ်ထားတာ အထောက်အထားတိတိကျကျမပါလို့ ဖမ်းထားတာပါ၊ အမှုဖွင့်ထားပါပြီ”လို့ စုပေါင်းဂိတ်က လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သစ်ကားမှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ထောက်ခံချက် တစ်စုံတစ်ရာမပါရှိဘဲ၊ ခရိုင်သာသနာရေးနဲ့ သင်းအုပ်ဆရာရဲ့ ထောက်ခံချက်သာပါဝင်တဲ့အတွက် သက်ဆိုင်ရာက ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားတယ်လို့ သိရှိရပါတယ်။
မိုင်းတုံမြို့နယ်အတွင်းက ထွက်ရှိတဲ့ သစ်ကားအများစုမှာ တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းမှတဆင့် တရုတ်နဲ့ ထိုင်းနိုင်ငံကို တရားမဝင်တင်ပို့မှုတွေရှိနေပြီး မိုင်းတုံမြို့နယ်မှတဆင့် “ဝ”တောင်ပိုင်း စစ်ဒေသ(၁၇၁)ဧရိယာအတွင်းက ဖြတ်သန်းဖို့ရန်အတွက် “ဝ”တပ်ဖွဲ့ကို လမ်းအသုံးပြုခပေးဆောင် ဖြတ်သန်းနေကြတာဖြစ်ပါတယ်။
“သစ်လမ်းကြောင်းက အခုနောက်ပိုင်း တခြားကုန်သည်တွေ ထွက်တာရှိတော့ရှိတယ် သိပ်မကြေားရဘူး၊ အများဆုံးက “ဝ”တပ်ဖွဲ့ပိုင် သစ်ကားတွေ ထွက်တာလောက်ဘဲရှိတယ်၊ အရင်က မိုးရာသီဖြစ်နေလို့လဲ ဖြစ်ဖို့များပါတယ်၊ အခုနွေပေါက်ပြီဆိုတော့ သိပ်မသိဘူး၊ မိုင်းတုံမှာ သစ်လဲ ကုန်သလောက်ရှိနေပါပြီ”လို့ မိုင်းတုံ ဒေသခံ တစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို တရားမဝင် သစ်တင်ပို့တဲ့ လမ်းကြောင်းမှာ မိုင်းတုံ-မိုင်းဆတ်-မိုင်းတွင်း -တာချီလိတ် လမ်းကြောင်းနဲ့ မိုင်းတုံ-မိုင်းဆတ်မှတဆင့် ဘိုရှီးလမ်းခွဲသို့ ဖြတ်ထွက်ကာ မိုင်းဖြတ်- တာလေမှတဆင့် ကျိုင်းလပ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ကမ်းကို ပို့ဆောင်ကြတာဖြစ်ပါတယ်။
၂၀၂၅ အောက်တိုဘာအထိ နောက်ဆုံး ၁၂ လအတွင်း မြန်မာကလာတဲ့ သစ်တောထွက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၅)သန်းခန့် တရုတ်နိုင်ငံအတွင်း တင်သွင်းလာတယ်လို့ တရုတ်အကောက်ခွန်စာရင်းက ဖေါ်ပြထားပြီး တင်သွင်းလာတဲ့ သစ် (၇၃)ရာခိုင်နှုန်းဟာ Yunnan ပြည်နယ်ရှိ importer တွေ က ကိုင်တွယ်ထားတယ်လို့ Forest Trends က ဖော်ပြပါတယ်။
#သစ်မှောင်ခို
#မှုခင်း
#သာသနာရေးအမည်ခံ
#မိုင်းတွင်း
#ရှမ်းအရှေ့

