၂ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ဆိုင်ကယ်လုယူခဲ့တဲ့ အမှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တဲ့ တာချီလိတ်ခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမှတ်တမ်းနဲ့ ဆုကြေးငွေများ ချီးမြှင့်ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက် တာ့ဟွာတရုတ်ဘုံကျောင်းမှာ အောက်တိုဘာ (၁) ရက်၊ မနက် (၉)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့တဲ့ (၆၂) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ဂုဏ်ပြုမှတ်တမ်းနဲ့ ဆုကြေးငွေများ ချီးမြှင့်ခဲ့တာပါ။
စက်တင်ဘာ (၁၉) ရက်က တာချီလိတ်မြို့ရှိ 29 Hotel မှာ ဒေသခံ မောင်ယောဆာဖနဲ့ အမျိုးသမီး တစ်ဦး အိပ်စက်အနားယူနေချိန် အမျိုးသား(၃)ဦး ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များလို့ ပြောဆိုကာ ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ပြီး Wave 110 ဆိုင်ကယ်အား လုယူထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဥ်ကို တာချီလိတ်ခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ ဒုတိယ ရဲအုပ် နေမင်းခန့်၊ ရဲတပ်ကြပ်ကြီး တင်သန်းစိုးနဲ့ ရဲတပ်သား ထက်လင်းဖြိုးတို့က အသေးစိတ် စုံစမ်းစစ်ဆေးခဲ့ပြီး တရားခံ(၃)ဦးကို လုယူသွားတဲ့ ဆိုင်ကယ်နဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာပါ။
အဆိုပါ အမှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်များအား တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးက ချီးမြှင့်တဲ့ ဂုဏ်ပြုမှတ်တမ်းနဲ့ ဆုကြေးငွေကို အခမ်းအနားမှာ တာချီလိတ်ခရိုင်တရားသူကြီး ဦးဇော်သူရက ပေးအပ်ခဲ့ပြီး ရဲတပ်ကြပ်ကြီး တင်သန်းစိုးက လက်ခံရယူခဲ့တာဖြစ်ပါတယ်။
အဆိုပါအခမ်းအနားမှာ မူးယစ်ဆေးဝါးဖမ်းဆီးမှု၊ အွန်လိုင်းငွေလိမ်မှု၊ ဆိုင်ကယ်ခိုးယူမှု၊ ရွှေထည်ပျောက်ဆုံးမှု၊ ပြန်ပေးဆွဲမှု၊ လုယက်မှုနဲ့ ယာဉ်တိုက်မှုများကို စုံစမ်းဖော်ထုတ်နိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်များကိုလည်း ဂုဏ်ပြုချီးမြှင့်ခဲ့ပါသေးတယ်။
မှုခင်းများကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်သားသစ် အများဆုံး စုဆောင်းနိုင်ခဲ့တဲ့ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးတို့ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

