၃ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်မှာ အလုပ်အကိုင်ရှားပါးလာပြီး လစာနည်းပါးတဲ့အတွက် မြို့ကို ရွှေ့ပြောင်းအခြေချလာတဲ့ KTV ဟိုင်းခန်းနဲ့ ဇိမ်မယ်လုပ်ငန်းတွေက အမျိုးသမီးငယ်တွေဟာ တရုတ်နဲ့ “ဝ”ဒေသ၊ မိုင်းလားဘက်ကို သွားရောက်အလုပ်လုပ်ကိုင်တာတွေ များလာတယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
တာချီလိတ် ဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်တဲ့ KTV နဲ့ ဇိမ်မယ်လုပ်ငန်းတွေ အမျိုးသမီးအများစုဟာ ပြည်တွင်းက အနယ်နယ်အရပ်ရပ်က ရွေ့ပြောင်းအခြေချပြီး လာရောက်လုပ်ကိုင်နေတဲ့ အမျိုးသမီးငယ်တွေဖြစ်ပြီး မြို့စီးပွားရေးကျဆင်းမှုကြောင့် ငွေကြေးသုံးစွဲသူလည်း နည်းပါးလာကာ ဖျော်ဖြေရေးလုပ်ငန်းများ ဝင်ငွေကျဆင်းနေတာ ဖြစ်ပါတယ်။
“အရင်က KTV ခန်းက ကောင်မလေးမလောက်ဘူး။ တနေကုန် ဧည့်သည်ကျတာ။ အခုနောက်ပိုင်းတော့ အခန်းဝင်ရတဲ့ရက်က နည်းလာတယ်။ ဒါကြောင့် တချို့ဆို ပန်ဆန်းတို့၊ မိုင်းလားတို့ဘက်သွားကြတယ်။ တချို့လည်း ကရင်ပြည်နယ်ဘက်ဆင်းသွားကြတယ်။ တချို့ကြတော့ တရုတ်ပြည်ထဲမှာ (၃)လ(၆)လ အငှါးမိန်းမသွားလုပ်ကြတယ်”လို့ KTV လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံကို အငှါးမယားအဖြစ် သွားရောက်လုပ်ကိုင်လျှင် တစ်လကို ယွမ်ငွေ (၁)သောင်းမှ (၃)သောင်းအထိ ရရှိတတ်ပြီး ပွဲစားအဆင့်ဆင့်နဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံ ကျေးလက်ဒေသတွေအထိ ခြေလျင်တစ်မျိုး၊ ကားနဲ့တစ်မျိုး အဆင့်ဆင့် သွားရောက်လုပ်ကိုင်ရတာဖြစ်တယ်လို့ သိရပါတယ်။
အငှါးမယား သွားရောက်လုပ်ကိုင်သူကို ပွဲစားမှ ကြိုတင်ငွေ ယွမ်(၁)သောင်းထုတ်ပေးပြီး ခေါ်ယူတဲ့ တရုတ်အမျိုးသား ကျေးရွာရောက်ရှိပါက (၃)လ (၆)လစာ အပြီးအစီးရယူကာ ခရီးစာရိတ်ကုန်ကျမှုကို ထုတ်နှုတ်ပြီး မိသားစုဆီ ပြန်လည်လွှဲပေးတာတွေရှိသလို ပွဲစားမှ ရရှိတဲ့ငွေကြေးအားလုံး လိမ်လည်သွားတာတွေလည်း ရှိတယ်လို့ သိရှိရပါတယ်။
“KTV တော့မသိဘူး တော်ကော့အခန်းတော့ တခါတလေ (၃)ရက်လောက် ဧည့်သည်မလာဘူး။ အရင်က တစ်လကို ကျပ်သိန်း(၃၀)လောက် အိမ်ကိုပို့နိုင်တယ်။ အခု အိမ်က ပြန်တောင်းသုံးနေရတယ်”လို့ မြန်မာနိုင်ငံအလယ်ပိုင်းမှ ဇိမ်မယ်အဖြစ် လာရောက်အလုပ်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
တာချီလိတ်မြို့မှာ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်ခန့်လောက်အထိ တရုတ်နိုင်ငံသားများပါဝင်တဲ့ ကျားဖြန့်နဲ့ ထိုင်းနိုင်ငံသားများ ဦးဆောင်တဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ အများအပြား လုပ်ကိုင်ခဲ့ခြင်းကြောင့် မြို့မှာ ငွေကြေးလည်ပတ်မှုကောင်းပြီး စီးပွားရေးလည်း ကောင်းမွန်ခဲ့ကာ ဖျော်ဖြေရေးလုပ်ငန်းတွေလည်း ဝင်ငွေကောင်းခဲ့တယ်လို့ သိရှိရပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းမှစပြီး တရားမဝင်လုပ်ငန်းတွေကို အစိုးရက ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး တာချီလိတ် ငွေကြေးလည်ပတ်မှုလည်း ရပ်တန့်သွားခဲ့တဲ့အတွက် မြို့ပေါ် လုပ်ငန်းများ အားလုံးနီးပါး အရှုံးပေါ်ကာ စီးပွားရေးကျဆင်းသွားတာတယ်လို့ သိရှိရပါတယ်။

