၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်က စားသောက်ဆိုင်လုပ်ငန်းများ ဆိုင်ခန်း ငှါးရမ်းစရိတ်ကြီးမားနေတဲ့အပြင် အရောင်းအဝယ် ပါးနေတဲ့အတွက် လုပ်ငန်း အရှုံးပေါ်နေတယ်လို့ ဒေသခံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
တာချီလိတ်မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်လုပ်ငန်းအများစုမှာ ဆိုင်ခန်းနေရာ ငှါးရမ်းဖွင့်လှစ်ကြရတာဖြစ်ပြီး နေရာငှါးရမ်းခ ဈေးကြီးမြင့်နေတဲ့အပြင် မိုးရာသီဖြစ်တဲ့အတွက် အရောင်းအဝယ်ကျဆင်းနေကာ လုပ်ငန်းအရှုံးပေါ်နေတဲ့အတွက် ရေရှည်ရပ်တည်ဖို့တောင် ခက်ခဲနေကြတယ်လို့ အရှေ့သံလွင်မှ စုံစမ်းသိရှိရပါတယ်။
“တစ်လတစ်လ ဝန်ထမ်းလခ၊ ဆိုင်ကုန်ကျစရိတ်နဲ့ ဆိုင်ခန်းနေရာ ငှါးရမ်းခတွေ အကုန်တွက်လိုက်ရင် အရှုံးပေါ်တာ (၄/၅)လမကတော့ဘူး။ ကိုယ်တင်ဘဲလားဆိုတော့ ဆိုင်တော်တော်များများ ရောင်းအားကျနေတာ။ တစ်မြို့လုံး စီးပွားရေးကျဆင်းနေတာလည်း ပါပါတယ်။ ရေရှည်ဆိုရင် ဆိုင်ဖွင့်ဖို့တောင်မလွယ်ဘူး”လို့ စင်တင်နဲ့ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ဘား၊ စင်တင် ၊ စားသောက်ဆိုင်လုပ်ငန်းတွေမှာ နှစ်စဉ် စည်ပင်သာယာနှင့် အမြတ်ခွန်ဆောင်နေရပြီး ယစ်မျိုးလိုင်စင်အပါအဝင် လိုင်စင်မျိုးစုံကြေး ပေးသွင်းထားရတဲ့အတွက် အရောင်းအဝယ် ကျဆင်းလာတဲ့အတွက် ဆိုင်ပိတ်သိမ်းလိုက်ရတာတွေလည်း ရှိတယ်လို့သိရှိရပါတယ်။
တာချီလိတ်မြို့မှာ စင်တင်နှင့် စားသောက်ဆိုင်ပေါင်း (၁၀)ခုထက်မနည်း ဖွင့်လှစ်ထားကြပြီး ယခုနှစ် မိုးရာသီဖြစ်တဲ့အတွက် ရေကြီးမှာစိုးရိမ်ပြီး လည်ပတ်စားသောက်သူလည်း လျော့နည်းလာသလို မြို့ပေါ် စီးပွားရေးမကောင်းတဲ့အတွက် လုပ်ငန်းအများစု အရှုံးပေါ်နေပြီး အပိုငွေသုံးသူ နည်းပါးလာတဲ့အတွက် အရောင်းအဝယ်ကျဆင်းလာတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

