၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
နိုင်ငံတစ်၀န်း မိုးကြီးနေတာကြောင့် အဓိကမြစ်ကြီးတွေမှာ မြစ်ရေတိုးလာနိုင်လို့ အထူးသတိပြုနေထိုင်ဖို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်လိုက်ပါတယ်။
သြဂုတ်လ ၉ ရက် ဒီနေ့ကစလို့ လာမယ့် ၃ ရက်အတွင်း နိုင်ငံတဝန်း နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအချို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုး/ဇလက ကြိုတင်သတိပေး ထုတ်ပြန်လိုက်ပါတယ်။
အထူသဖြင့် ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ ချင်းတွင်း၊ သံလွင်၊ ပဲခူး၊ တိုးနဲ့ သောင်ရင်း စတဲ့မြစ်တွေ ရေတိုးနေလို့ နီးစပ်ရာမြို့တချို့မှာ ရေကြီးနိုင်တာကြောင့် အထူးသတိပြုနေထိုင်ဖို့ သတိပေထားပါတယ်။
လက်ရှိမှာတော့ ဧရာ၀တီနဲ့ ချင်းတွင်းအထက်ပိုင်းနေရာတွေမှာ မြစ်ရေကြီးမှုတချို့ကြုံတွေ့နေရပြီး ဆည်အချို့မှ ရေထိန်းတံခါး အချို့မှာလည်း သတ်မှတ်ထားတဲ အမြင့်ပေထက် ကျော်လွန်လာလို့ ရေလွှတ်ချရတဲ့ အခြေအေနမျိုးတွေလည်း ကြုံတွေ့နေရပါတယ်။
လက်ရှိ မြန်မာပြည်အထက်ပိုင်းကဒေသတချို့မှာ ရေကြီးမှုနောက်ဆက်တွဲအဖြစ် လူသေဆုံးတာ၊ နေအိမ်ပျက်စီးတာနဲ့ အရေးပေါ်ရွှေ့ပြောင်းရမှုတွေ ရှိနေပြီး ရေဘေးသင့်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေဖြစ်တဲ့ သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ စက်သုံးဆီ၊ အမိုးအကာနဲ့ ယာယီခိုလှုံရာနေရာတွေ အရေးပေါ်လိုအပ်နေမှုတွေလည်း ရှိနေပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးဘက်ကမြစ်ရေတွေ အောက်ဘက်ကိုစီးလာမှုနဲ့ မိုးဆက်လက်ရွာသွန်းနိုင်တဲ့အခြေအနေတွေကြောင့် မကွေးတိုင်းအတွင်းက ဧရာဝတီမြစ်ကမ်းဘေး မြို့နယ်နဲ့ ကျေးရွာတွေအနေနဲ့မိုးလေဝသအခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်ရင် ကြိုတင်ရွှေ့ပြောင်းဖို့လည်း လိုအပ်နိုင်ကြောင်း မိုးဇလပညာရှင်တွေက ကြိုတင် သတိပေးထားပါတယ်။

