၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin Media )
ကြည်ညို
ကျိုးပေါက်သွားတဲ့ ငဝန်မြစ် ရေကာတာတမံ ကို ပြန်လည်ပြုပြင်နေမှုဟာ အပြီးသတ်နိုင်ဖို့ တစ်ပတ်နီးပါးလောက် အချိန်ယူရဦးမှာဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ က ထုတ်ပြန်ပါတယ်။
လေးမျက်နှာမြို့နယ် ဧရာ၀တီမြစ်လက်တက်ရဲ့ င၀န်မြစ်ရဲ့ တာနိမ့်ပြီး ရေဝင်သွားတဲ့နေရာကို ဆောက်လုပ်ရေး ၊ ရေအရင်းမြစ် ၊ မြစ်ချောင်း ဖွံ့ဖြိုးရေးဌာနတွေချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရေကာတာ ကျိုးပေါက်ရာနေရာဟာ မြစ်ကြောင်းဟောင်းနေရာဖြစ်ပြီး နုန်းဆန်တဲ့ မြေတွေပိုလာတဲ့အတွက်ကြောင့် အောက်ခြေမြေတွေဟာ ခိုင်ခန့်မှု မရှိဘဲ ရေအလေးချိန်ကို မခံနိုင်ကာ ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။
တမံတွေဟာ မြေသားနဲ့သာပြုလုပ်ထားပြီး နှစ်ပေါင်း ၁၄၀ သက်တမ်းရှိကာ အိုဟောင်းနေတဲ့ တမံတွေသာဖြစ်လို့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လေးမျက်နှာမြို့ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်အတွင်း တင်ပြခဲ့ပြီး မကြာခင်မှာပဲ အခုလိုမျိုးဖြစ်ပွားခဲ့တာပါ။
လက်ရှိဆောင်ရွက်နေမှုမှာ ရေစီးများနေပြီး ရေ၀င်ရောက်မှုကို မတားဆီးနိုင်တာကြောင့် လုပ်ဆောင်ရတဲ့အပိုင်းမှာ အခက်အခဲအချို့ရှိနေပြီး တစ်ပတ်မှ ၁၀ ရက်အတွင်းလောက် ထပ်မံကြာမြင့်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။
လက်ရှိလေးမျက်နှာမြို့နဲ့ နီးစပ်ရာရွာတွေမှာ ရေ၀င်ရောက်မှုက အနည်းငယ်လျော့သွားသလို ရေစီးကြမ်းမှုက လျော့ကျလာပေမယ့် အနီးအနားကျေးရွာနဲ့ မြို့အချို့ဆီကို ဆက်လက်စီးဆင်းနေမှုကို မထိန်းနိုင်သေးကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
ရေတားတမံ တည်ဆောက်ရာမှာ အသုံးပြုမယ့် ယာဥ်နဲ့ ကိရိယာကြီးတွေကိုလည်း တမံကျိုးပေါက်ရာနေရာကို ရေလမ်းအသုံးပြုပြီး သယ်ယူမှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ကာ င၀န်မြစ်ရဲ့ တာနိမ့်ဆင်းသွားပြီး ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့အပါအ၀င် ကျေးရွာပေါင်း ၁၄ ရွာမှာ လူဦးရေ ၁၄၀၀၀ ကျော်လောက် ရေဘေးသင့်နေရပါတယ်။

