၅ သြဂုတ် ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နမ့်စင်ချောင်းမှာ သြဂုတ် (၃)ရက် နေ့က သစ်ထုတ်လုပ်ရေးဝန်ထမ်းတွေ တောင်ကျချောင်းထဲ မျောပါသွားပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
တောင်ကျချောင်းရေထဲ (၄)ဦး မျောပါသွားရာက (၃)ဦးကယ်တင်နိုင်ခဲ့ပြီး ကျန် (၁)ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
“ရေထဲမျောပါသွားတယ်ဆိုတဲ့ သတင်းကိုတော့ကြားပါတယ်။ ဖြစ်တာက သစ်ထုတ်လုပ်ရေးဌာနကပါ။ ကျွန်တော်တို့က သစ်တောဦးစီးဌာနကဆိုတော့ သေချာမသိပါဘူး”လို့ မိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနက တောအုပ်ကြီး ဦးအောင်ဇော်ခိုင်က အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
အရှေ့သံလွင်သတင်းဌာန မိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်ဆောင်ဖြစ်တဲ့ ဒုရဲအုပ်အောင်ဇော်မျိုးကို ဆက်သွယ်မေးမြန်းချိန်မှာတော့ ခရီးသွားနေတဲ့အတွက် သိရှိခြင်းမရှိဘူးလို့ ပြန်လည် ဖြေဆိုခဲ့ပြီး တခြားသတင်းဌာနတွေကို စုံစမ်းမေးမြန်းဖို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မိုင်းတုံမြို့ သစ်ထုတ်လုပ်ရေးဝန်ထမ်းတွေဟာ မိုင်းကန်သစ်တောဝိုင်းအတွင်း ပင်ထောင်ရိုက်ရန် သွားခဲ့ချိန် ချောင်းကိုဖြတ်ကူးစဥ် ရေစီးကြမ်းမှုကြောင့် ဖောင်ကြိုးပြတ်ပြီး မျောပါသွားခဲ့တာလို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
မိုင်းတုံမြို့နယ်အတွင်း သစ်ထုတ်လုပ်ရေးကြိုးဝိုင်းအများအပြားရှိပြီး ဒေသတွင်းထွက်ရှိတဲ့ ကျွန်းသစ်အပါအဝင် ပိတောက်တွေကို ယခင်က တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို တင်ပို့ခဲ့တာဖြစ်ပြီး ဒေသတွင်း ထွက်ရှိတဲ့ သစ်တန်အရည်အတွက်ဟာ နှစ်စဉ် တန်ချိန် သိန်းနဲ့ချီတယ်လို့ သိရှိရပါတယ်။

