၅ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ ကြုံတွေ့နေတဲ့ ရေဘေးအတွင်းမှာ သေဆုံးသူ (၂)ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ရေဘေးကြုံရတဲ့ (၃) ရက်မြောက်နေ့မှာ လေးမျက်နှာမြို့ပေါ်က အမှတ် (၃) ရပ်ကွက်မှာ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ပြီး ဒီကနေ့ (၆) ရက်မြောက်နေ့မှာ အသက် (၂၀)အရွယ် အမျိုးသားတစ်ဦး ရေစီးနဲ့ မျောပါသေဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးသူအမျိုးသားဟာ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူ မောင်နေမင်းခန့်ဖြစ်ပြီး လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာက ရေဘေးသင့်ပြည်သူတွေကို ထမင်းထုတ်လာဝေပြီး အပြန်မှာ ရေစီးနဲ့မျောပါသွားတာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ရိက္ခာဝေပြီး ငသိုင်းချောင်းပြန်ဖို့ ပြန်အထွက်မှာ ရေစီးနဲ့ပါသွားတာ။ ရေမကူးတတ်လို့ ကြိုးတန်းကိုကိုင်ပြီးသွားနေရင်း လက်ကလွတ်ပြီး ရေစီးနဲ့မျောသွားတာ။ အလောင်းတော့ ပြန်တွေ့တယ်” လို့ ကူညီရှာဖွေခဲ့တယ်လို့ လူမှုကူညီရေးအသင်းသားတစ်ဦးက ပြောပါတယ်။
လေးမျက်နှာ ရေဘေးဟာ ယနေ့ (၆)ရက်မြောက်နေ့အထိ ဆက်လက် ဆိုးရွားနေဆဲဖြစ်ပြီး ရေဝင်ဧရိယာကျယ်ပြန့်လာကာ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်၊ ဟင်္သာတ ၊ ကျောင်းကုန်းစတဲ့ မြို့နယ်တွေအထိပါ ဆက်လက်ရောက်ရှိနိုင်ခြေရှိတယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

