၁၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ရန်ကုန်-ပုဂံ-ရန်ကုန် ရထားခရီးစဉ်အတွက် လက်မှတ်တွေကို နိုဝင်ဘာ ၁၄ ရက်ကစပြီး ORTP အွန်လိုင်းလက်မှတ်စနစ်ကနေ ကြိုတင်ဝယ်ယူနိုင်တော့မှာဖြစ်သလို နိုဝင်ဘာ ၂၀ ရက်ကစပြီး Online e-ticket တွေနဲ့ ရထားစီးနင်းနိုင်တော့မယ်လို့ မြန်မာ့မီးရထားလုပ်ငန်း ORTP ဌာနက ထုတ်ပြန်ထားပါတယ်။
အရင်က ရန်ကုန်ဘူတာကြီးနဲ့ ပုဂံဘူတာတွေမှာသာ ရထားလက်မှတ်တွေကို ကိုယ်တိုင် သွားရောက် ဝယ်ယူရတာဖြစ်ပြီး ရိုးရိုးတန်းအတွက် တစ်ရက်ကြို၊ အထက်တန်းနဲ့ အိပ်စင်တန်းတွေအတွက် သုံးရက်ကြို ဝယ်ယူနိုင်ခဲ့တာဖြစ်ပြီး ယခုလို အွန်လိုင်းစနစ်နဲ့ ပြောင်းလဲလိုက်လို့ ဘူတာရုံကို ကိုယ်တိုင်သွားစရာမလိုဘဲ လက်ကိုင်ဖုန်းကနေတစ်ဆင့် လက်မှတ်ကြိုတင်ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်-ပုဂံခရီးစဉ်အတွက် အမှတ် ၆၁ အဆန်အမြန်ရထားကို သောကြာနေ့တိုင်း ပြေးဆွဲပေးနေပြီး ရန်ကုန်ဘူတာကြီးကနေ ညနေ ၄ နာရီ ၁၅ မိနစ်မှာ ထွက်ခွာကာ နောက်တစ်နေ့ မွန်းတည့် ၁၂ နာရီမှာ ပုဂံဘူတာကို ရောက်ရှိပါတယ်။
ပုဂံ-ရန်ကုန် ခရီးစဉ်အတွက် အမှတ် ၆၂ အစုန်အမြန်ရထားကိုတော့ အင်္ဂါနေ့တိုင်း ပြေးဆွဲပြီး ပုဂံဘူတာကနေ ညနေ ၄ နာရီ ၁၅ မိနစ်မှာ ထွက်ခွာကာ နောက်တစ်နေ့ မွန်းတည့် ၁၂ နာရီမှာ ရန်ကုန်ဘူတာကြီးသို့ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
အဲဒီခရီးစဉ်တစ်လျှောက်မှာတော့ တိုက်ကြီး၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်း၊ ဆင်မြီးဆွဲ၊ ရွှေတံခါး၊ အောင်လံ၊ ဆတ်သွား၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ လေးအိမ်၊ သာမြှား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်းနဲ့ စုတည်ဘူတာတွေမှာ ရပ်နားပေးသွားမှာ ဖြစ်ပါတယ်။
ရထားမှာ ရိုးရိုးတန်း ၄ တွဲ၊ အထက်တန်း ၃ တွဲ၊ အိပ်စင် ၁ တွဲနဲ့ ကုန်တင်တွဲ ၁ တွဲ စုစုပေါင်း ၉ တွဲ ပါဝင်ပြီး လက်မှတ်ခ နှုန်းထားတွေကတော့ ရိုးရိုးတန်း ၁၄,၀၀၀ ကျပ်၊ အထက်တန်း ၂၄,၀၀၀ ကျပ်နဲ့ အိပ်စင်တန်း ၃၁,၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားပါတယ်။
ထို့ပြင် ယခုအွန်လိုင်းလက်မှတ်စနစ်ကို အသုံးပြုမှာက လက်ရှိပြေးဆွဲနေတဲ့ ရထားခရီးစဉ်အတွက်သာဖြစ်ပြီး လေအေးပေးစက်ပါဝင်တဲ့ ခေတ်မှီ DEMU အထူးရထား ပြေးဆွဲဖို့အတွက်တော့ လတ်တလော အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။
#ရန်ကုန်-ပုဂံ

