Language:

ကျင်သီတံတား ပြုပြင်မှာဖြစ်လို့ ၅ တန်အထက်ယာဉ်တွေ ဖြတ်သန်းခွင့် ၃ ရက် ပိတ်မယ်


ကျင်သီတံတား ပြုပြင်မှာဖြစ်လို့ ၅ တန်အထက်ယာဉ်တွေ ဖြတ်သန်းခွင့် ၃ ရက် ပိတ်မယ်

၉ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ မတ္တရာ-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျင်သီတံတားကို ပြုပြင်တည်ဆောက်မှာဖြစ်လို့ နိုဝင်ဘာ (၁၀) ရက်ကစပြီး (၅)တန် အထက် ယာဉ်တွေကို (၃)ရက်ကြာ ဖြတ်သန်းခွင့် ယာယီပိတ်ထားမယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံထံက သိရပါတယ်။

တံတားပြုပြင်ရေးလုပ်ငန်းတွေကို နိုဝင်ဘာ (၁၀) ရက် ညနေ (၄) နာရီကနေ နိုဝင်ဘာ (၁၃) ရက် မနက် (၈) နာရီအထိ ဆောင်ရွက်သွားမှာဖြစ်ပြီး အဲ့ဒီကာလအတွင်း ယာဉ်ဖြတ်သန်းသွားလာမှုကို အလေးချိန်အလိုက် ကန့်သတ်ထားမှာဖြစ်ပါတယ်။

အဆိုပါ သတ်မှတ်ထားတဲ့ ပြုပြင်ရေးကာလအတွင်း (၅) တန်အထက် မော်တော်ယာဉ်ကြီးတွေ ဖြတ်သန်းခွင့်မပြုဘဲ (၅) တန်အောက် ယာဉ်တွေကိုသာ ဖြတ်သန်းခွင့်ပြုမယ်လို့ သိရပါတယ်။

ထို့ကြောင့် မတ္တရာ-လားရှိုး လမ်းပိုင်းကို အသုံးပြုပြီး ခရီးသွားလာမယ့်သူတွေ၊ ကုန်တင်ယာဉ် ပိုင်ရှင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ ယာဉ်အလေးချိန်နဲ့ ဖြတ်သန်းခွင့်အချိန်တွေကို စစ်ဆေးပြီး ခရီးစဉ်တွေ အဆင်ပြေအောင် ကြိုတင်စီစဉ်ထားကြဖို့ အသိပေးထားပါတယ်။

ကျင်သီတံတားဟာ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါနဲ့ ကျောက်မဲမြို့ကြားမှာ တည်ရှိပြီး မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က အရေးပါတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။

အဆိုပါ တံတားဟာ ရှမ်းမြောက်ဒေသနဲ့ ပြည်မဘက်ကို ဆက်သွယ်ပေးတဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်သလို ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက်လည်း အရေးပါပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေကြောင့် ကျင်သီတံတား ပျက်စီးခဲ့ရကာ တံတားဘေးမှာ ယာယီတံတားတည်ဆောက်၊ ဖြတ်သန်းသွားလာခဲ့ရပြီးနောက် ယာယီတံတားမှာလည်း တောင်ကျရေနဲ့ ချောင်းရေတိုက်စားမှုကြောင့် ဖြတ်သန်းသွားလာရေး အခက်အခဲတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။

#ကျင်သီတံတား

#ခရီးသွားလာရေး

#တံတားပြုပြင်ရေး

#တောင်ကျရေ

ဆက်စပ်သတင်းများ

Eastern Thanlwin