၂၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
TNA
ကရင်ပြည်နယ်၊ ဘားအံမြို့၌ စိုက်ပျိုးရေးကို အခြေခံပြီး ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်တွေ ကိုယ်တိုင် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းနိုင်မယ့် Kawt Ma Yan Resort မကြာမှီ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။
၎င်းခရီးစဉ်ကို Kawt Ma Yan Resort Co.,Ltd.မှ အကောင်အထည်ဖော်ဆောင်ရွက်နေကာ လက်ရှိ ၉၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီး အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ တာဝန်ရှိသူတွေ တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
အဆိုပါ Kawt Ma Yan Resort သည် ဘားအံမြိုနယ်၊ တော်ပုံကျေးရွာအုပ်စု၊ ကော့မရမ်းကျေးရွာ၊ ကွင်းအမှတ် ၁၁၈၉၊ ကော့မရမ်းတောင်ခြေတွင်တည်ရှိတယ်လို့ သိရပါတယ်။
ိ
ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၂၉၇၅ သန်းအပါအဝင် ငွေကျပ်သန်း ၅၉၀၀ ဖြင့် စပါးစိုက်ခင်းများအပေါ်မှာ ဘန်ဂလို ၁၂ လုံး၊ ၃ ခန်းတွဲ ၂ ထပ် အဆောက်အဦ ၃ လုံးနဲ့ အိပ်ခန်းပေါင်း ၃၀ ခန်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒေသဖွံဖြိုးရေးအတွက် အခြေခံအဆောက်အဦဖွံဖြိုးတိုးတက်လာစေရေး၊ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရေး၊ စိုက်ပျိုးရေးနဲ့ ရိတ်သိမ်းမှုကို အခြေခံတဲ့ ခရီးစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေတာပါ။
Kawt Ma Yan Resort ကို မြေဧရိယာ ၃ ဒဿမ ၃၀ ဧကပေါ်မှာ ၂ ဒဿမ ၃၀ ဧကအနက် သုည ဒဿမ ၉၀ ဧက ကိုသာ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ကျန်ရှိတဲ့ မြေဧရိယာကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးရိတ်သိမ်း အပန်းဖြေနိုင်မယ့် စိုက်ခင်းများအဖြစ် ဖော်ဆောင်နေတာပါ။
ထိုသို့ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးရာ Kawt Ma Yan Resort Co.Ltd ၏ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းခမ်းလှိုင်က တည်ဆောက်ရေးလုပ်ငန်း ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးမှုအခြေအနေကို ရှင်းပြခဲ့ပါတယ်။
တည်ဆောက်ပြီးစီးဖွင့်လှစ်ပါက ခရီးသွားဧည့်သည်တွေကိုယ်တိုင် လယ်ယာထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ စပါးခင်းများအကြား အပန်းဖြေအနားယူခြင်းတို့အပြင် ခြေလျင်တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ လှေလှော်ခြင်း အစရှိသည့် ခရီးစဉ်များဆောင်ရွက်နိုင်မှာပါ။
၎င်းအခြေအနေတိ့းကို လိုက်လံရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာ(၇)ရက်မှာ ကျရောက်မယ့် ိကရင်ပြည်နယ်နေ့အမှီ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့တယ်လို့ သိရပါတယ်။

