Language:

ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ပြီး နိုင်ငံအနှံ့မိုးရွာမယ်


ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ပြီး နိုင်ငံအနှံ့မိုးရွာမယ်

၂၄ အောက်တိုဘာ (Eastern Thanlwin)

ဖိုးစည်

ဘင်္ဂလားပင်လယ် အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက လာမယ့် အောက်တိုဘာ ၂၆ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ပိုမိုအားကောင်းလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။

အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီခွဲအချိန်တိုင်းတာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်း (Low Pressure Area)ဟာ ဆက်လက်တည်ရှိနေပြီး မနက်ဖြန် အောက်တိုဘာ (၂၄) ရက်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် (၂၅) ရက်မှာ အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိပြီး အောက်တိုဘာ (၂၆) ရက်မှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိမယ်လို့ ဆိုပါတယ်။

အဲဒီ ဆိုင်ကလုန်းမုန်တိုင်းက အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတို့သို့ ဆက်လက်ရွေ့လျားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။

အဲဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် မနက်ဖြန် မွန်းတည့်ချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ မိုး/ဇလက ဆိုပါတယ်။

ဒါ့အပြင် နောက် (၂) ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုး/ဇလက သတိပေးထားပါတယ်။

#ဘင်္ဂလားပင်လယ်အော်

#လေဖိအားနည်းရပ်ဝန်း

#ဆိုင်ကလုန်းမုန်တိုင်း

#နိုင်ငံအနှံ့မိုးရွာမယ်

ဆက်စပ်သတင်းများ

Eastern Thanlwin