Language:

Labubu အရုပ်ပါဝင်လို့ “Blind Box” မြန်မာရုပ်ရှင်ဇာတ်က ရုံတင်ပြသခွင့် ရပ်ဆိုင်းခံထားရ


Labubu အရုပ်ပါဝင်လို့ “Blind Box” မြန်မာရုပ်ရှင်ဇာတ်က ရုံတင်ပြသခွင့် ရပ်ဆိုင်းခံထားရ

၁၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

တရုတ်နိုင်ငံနဲ့ နိုင်ငံတကာမှာ လူကြိုက်များနေတဲ့ Labubu အရုပ်ကို ကြောက်မက်ဖွယ် ဇာတ်ကောင်အဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ မြန်မာသရဲရုပ်ရှင် “Blind Box” ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမယ့်ရက် မတိုင်မီ တစ်ရက်အလိုမှာ ရုံတင်ပြသခွင့် ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်မှာ စတင်ပြသရန် စီစဉ်ထားတဲ့ အဆိုပါဇာတ်ကားကို ထုတ်လုပ်ရေးဘက်က မမျှော်လင့်ထားတဲ့ အခက်အခဲအချို့ကြောင့် ရုံတင်ရက် ရွှေ့ဆိုင်းရတာလို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဇာတ်ကားအတွင်း Labubu အရုပ်ကို ကြောက်စရာကောင်းတဲ့ ဇာတ်ကောင်အဖြစ် အသုံးပြုထားတာနဲ့ ပတ်သက်လို့ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံကတဆင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို စာပို့အသိပေးခဲ့တာလို့ မြန်မာ့ ရုပ်ရှင်အသိုင်းအ၀ိုင်းမှာ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်ကတော့ အဆိုပါအခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

ဒါရိုက်တာ ဒီဒီထက်အောင် ရိုက်ကူးထားတဲ့ “Blind Box” ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီ နေဝင်း၊ ပိုးမမှီသာ၊ အကယ်ဒမီ မင်းဦး၊ ချောရတနာ၊ ဗညားဘုန်းပြည့်၊ ဆုထက်၊ ချိုမဒီသွင်၊ သားချောတို့နဲ့ အခြား အနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Labubu အရုပ်သည် ဟောင်ကောင်အခြေစိုက် အရုပ်ဒီဇိုင်နာ Kasing Lung က ပုံဖော်ခဲ့တာဖြစ်ပြီး The Monsters ဇာတ်ကောင်အုပ်စုထဲ ပါဝင်ကာ POP MART နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့ရာ ကမ္ဘာတစ်ဝန်း လူကြိုက်များလာတဲ့ အရုပ်ပဲဖြစ်ပါတယ်။

ရုပ်ရှင်ဖန်တီးမှုဆိုင်ရာ အတတ်ပညာရှင်အများစုကတော့ မြန်မာရုပ်ရှင်တွေအနေနဲ့ မူပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်တို့ကို အလေးမထားဘဲ ရိုက်ကူးထုတ်လုပ်မှုတွေကြောင့် အခုလို မျိုးဖြစ်ရတာလို့ ‌ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

#Labubuအရုပ်

#“Blind Box”

#မြန်မာရုပ်ရှင်ကား

#ပြသခွင့်

#ရပ်ဆိုင်းခံထားရ

ဆက်စပ်သတင်းများ

Eastern Thanlwin