Language:

Central စီမံကိန်းရဲ့ Marga Group မှ ဒါရိုက်တာအဖွဲ့၀င်တွေရဲ့ ကိုယ်ရေးအချက်အလက်များ Website မှာ ဖြုတ်ချထား


Central စီမံကိန်းရဲ့ Marga Group မှ ဒါရိုက်တာအဖွဲ့၀င်တွေရဲ့ ကိုယ်ရေးအချက်အလက်များ Website မှာ ဖြုတ်ချထား

၁၅ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

အခန်းမအပ်နိုင်လို့ သက်ဆိုင်ရာက စစ်ဆေးနေတဲ့ Central စီမံကိန်းရဲ့ Marga Group မှ အမှုဆောင် ဒါရိုက်တာ အဖွဲ့ဝင်တွေရဲ့ အမည်နဲ့ ကိုယ်ရေးအချက်အလက်များကို ရက်ပိုင်းအတွင်း ၎င်းတို့ရဲ့ Website မှာဖြုတ်ချသွားခဲ့တယ်လို့ သိရပါတယ်။

Marga Group ကို တည်ထောင်သူနဲ့ ဥက္ကဋ္ဌမှာ ဟောင်ကောင်စီပွားရေးလုပ်ငန်းရှင် ဒေါက်တာစတီဗင်ဆွန်း (Dr Stephen Suen) ဆိုသူဖြစ်ပြီး Marga Group တွင် ၎င်းအပါအဝင် အမှုဆောင် ဒါရိုက်တာ အဖွဲ့ဝင် ၆ ဦး၊ စီမံကိန်းအဖွဲ့ဝင် ၉ ဦးရှိပြီး ယခုပြဿနာများပေါ်လာပြီးနောက် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားတဲ့ ၎င်းတို့ အမည်နဲ့ အချက်အလက်များကို ရက်ပိုင်းအတွင်း ဖြုတ်ချသွားခဲ့တာ ဖြစ်ပါတယ်။

Website မှာတော့ The Central စီမံကိန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတော့ English ဘာသာနဲ့ ဆက်လက်ဖော်ပြထားဆဲဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေတဲ့ The Central စီမံကိန်းအတွင်းက လောင်စာဆီတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ်စည်းတွေ မရှိတော့ဘူးဆိုတဲ့ အချက်အလက်ကိုတော့ အရှေ့သံလွင် သတင်းမီဒီယာအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရန်ကုန်မြို့မှာ အခန်းကြိုတင်ရောင်းချထားပေမဲ့ သတ်မှတ်ကာလအတွင်း ဝယ်ယူသူတွေကို အခန်းလွှဲပြောင်းပေးနိုင်ခြင်းမရှိတဲ့ The Central အပါအ၀င် အဆင့်မြင့်ကွန်ဒိုစီမံကိန်း (၃) ခုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အငြင်းပွားမှုဖြစ်ပွားနေတဲ့ စီမံကိန်းတွေကတော့ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်က The Central နဲ့ SOHO Tower၊ အလုံမြို့နယ် ဗဟိုလမ်းပေါ်က The Park စီမံကိန်းတို့ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေမှာ ငွေပေးချေပြီး အခန်းမရရှိသေးတဲ့ ဝယ်ယူသူ စုစုပေါင်း ၁၅၀ ထက်မနည်း ရှိပြီး မြန်မာနိုင်ငံသားတွေအပြင် ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဆွီဒင်၊ တရုတ်နဲ့ စင်ကာပူနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ အခန်း၀ယ်ယူထားသူတချို့က အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။

အဆိုပါ စီမံကိန်းတွေမှာ အဆောက်အအုံ မပြီးစီးခင် အခန်းတွေကို ကြိုတင်ရောင်းချတဲ့စနစ်နဲ့ ရောင်းချခဲ့တာဖြစ်ကာ အခန်းအမျိုးအစားအလိုက် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကနေ ငါးသိန်းအထိ ပေးချေဝယ်ယူခဲ့ရတယ်လို့ ဝယ်ယူသူတွေက ပြောပါတယ်။

ဒါပေမဲ့ စာချုပ်ပါ သတ်မှတ်ကာလတွေ ကျော်လွန်လာတဲ့အထိ အခန်းတွေ လွှဲပြောင်း မပေးနိုင်သေးတာကြောင့် ဝယ်ယူသူတွေဘက်က စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်မှာတော့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက The Central အရောင်းပြခန်းကို စစ်ဆေးပြီး ချိတ်ပိတ်ခဲ့ပါတယ်။

Marga Landmark Development ကုမ္ပဏီဟာ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဝန်းကျင်တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုခ် Mytel ကုမ္ပဏီရုံးချုပ်ဖွင့်လှစ် ထားတဲ့ စစ်ရုံးဟောင်းနှင့် မော်တော်ယာဉ်တပ်မြေ ၂၂ ဧကပေါ်တွင် ဒဂုံစီးတီးအိမ်ရာ စီမံကိန်း (၁) ကို အကောင်ထည်ဖော်ဖို့ စတင်ခဲ့တာပါ။

ဒါပေမဲ့ အဆိုပါ စီမံကိန်းဟာ ရွှေတိဂုံစေတီနှင့် နီးကပ်လွန်းသဖြင့် မြို့ပြအမွေအနှစ်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက်ဆန္ဒပြခံရသည့်နောက် ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ထို့နောက် လက်ရှိ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ အမှတ်(၆) သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနပိုင်မြေအနက်မှ ၁၇ ဒသမ ၇ ဧကကို နှစ် ၅၀ သက်တမ်းဖြင့် အစားထိုးမြေနေရာရရှိခဲ့ပြီး လက်ရှိ The Centr‌al စီမံကိန်းကို တည်ဆောက်နေတာဖြစ်ပါတယ်။

#Centralစီမံကိန်း

#MargaGroup

#ဒါရိုက်တာအဖွဲ့၀င်

#ကိုယ်ရေးအချက်အလက်

ဆက်စပ်သတင်းများ

Eastern Thanlwin