Language:

ရှမ်းအရှေ့ မိုင်းဖြတ်မြို့ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်မီးသွယ်တန်းပေးရန် စီစဉ်ထား


ရှမ်းအရှေ့ မိုင်းဖြတ်မြို့ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်မီးသွယ်တန်းပေးရန် စီစဉ်ထား

၁၃ အောက်တိုဘာ ၂၀၂၆

ဇင်ကြီး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ၆၆ ကေဗွီ ကျိုင်းတုံ–မိုင်းဖြတ် ဓာတ်အားလိုင်း ၄၀ မိုင် သွယ်တန်းခြင်းနဲ့ ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ မိုင်းဖြတ် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများဖြင့် လျှပ်စစ်မီး သွယ်တန်းပေးရန် စီစဉ်ထားဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောဆိုလိုက်ပါတယ်။

မိုင်းဖြတ်မြို့နယ်မှာ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိနိုင်ရေး ၂၃၀ ကေဗွီ နမ့်စန်–မိုင်းပျဉ်း–ကျိုင်းတုံ မဟာဓာတ်အားလိုင်းက တစ်ဆင့် ဓာတ်အားလိုင်းချိတ်ဆက်သွယ်တန်းခြင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို မည်သည့်ကာလတွင် စီမံကိန်းအဖြစ် ဆောင်ရွက်ပေးမည်နည်းဟု ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ထွန်းက အမျိုးသားလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ပါတယ်။

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က မိုင်းဖြတ်မြို့သည် လက်ရှိ အချိန်မှာ ဒီဇယ်ဓာတ်အားပေးစက်များကို အသုံးပြု၍ တစ်ရက်လျှင် ၃ နာရီခန့်သာ လျှပ်စစ်ဓာတ်အားရရှိနေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့ကြောင့် မြို့အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာရရှိနိုင်ရေးအတွက် မဟာဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်မည့် လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

မိုင်းဖြတ်မြို့ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၆၆ ကေဗွီ ကျိုင်းတုံ–မိုင်းဖြတ် ဓာတ်အားလိုင်း ၄၀ မိုင် သွယ်တန်းခြင်းနှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ မိုင်းဖြတ်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားရန် စီစဉ်ထားပါတယ်လို့ ဒုတိယဝန်ကြီးက ဖြေကြားခဲ့တာပါ။

ယင်းလုပ်ငန်းများသည် မိုင်းဖြတ်မြို့သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် အရေးပါတဲ့ အခြေခံအဆောက်အအုံလုပ်ငန်းများဖြစ်ပါကာ အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက ဒေသခံပြည်သူများ၏ နေ့စဉ်လူမှုဘဝ၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်လာနိုင်မည်ဖြစ်သည်။

သို့သော် စီမံကိန်းအတွက် ဘဏ္ဍာငွေခွင့်ပြုရရှိမှုနှင့် လုပ်ငန်းအကောင်အထည်ဖော်မှုအခြေအနေတို့အပေါ် မူတည်နေသဖြင့် ဓာတ်အားလိုင်းစတင်တည်ဆောက်မည့်အချိန်နှင့် လျှပ်စစ်မီးစတင်ဖြန့်ဖြူးပေးနိုင်မည့်ရက်ကို သက်ဆိုင်ရာဌာန၏ ထပ်မံထုတ်ပြန်ချက်များအရ ဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

#မိုင်းဖြတ်မြို့

#၂၀၂၇-၂၀၂၈ဘဏ္ဍာနှစ်

#လျှပ်စစ်မီး

#သွယ်တန်းပေး

#စီစဉ်ထား

#လျှပ်စစ်မီး

#ဓာတ်အားလိုင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin