Language:

မြန်မာ့ပေါ်ဆန်းမွှေးဆန် ကမ္ဘာ့အကောင်းဆုံး ဆန်ဆုအဖြစ်ဆွတ်ခူး၊ ၁၅ နှစ်အကြာ ဒုတိယအကြိမ်မြောက် ရရှိခြင်းဖြစ်


မြန်မာ့ပေါ်ဆန်းမွှေးဆန် ကမ္ဘာ့အကောင်းဆုံး ဆန်ဆုအဖြစ်ဆွတ်ခူး၊ ၁၅ နှစ်အကြာ ဒုတိယအကြိမ်မြောက် ရရှိခြင်းဖြစ်

၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

မြန်မာ့ပေါ်ဆန်းမွှေး ဆန်ဟာ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World Best Rice Award) ကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ ဆန်စပါးညီလာခံအတွင်း နိုင်ငံတကာဆန် အမျိုးအစားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရာကနေ မြန်မာ့ပေါ်ဆန်းဆန်က ယခုဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

မြန်မာ့ပေါ်ဆန်းဆန်ဟာ ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာဆန်ပြိုင်ပွဲမှာလည်း အလားတူဆုကို ရရှိခဲ့ဖူးလို့ ၁၅ နှစ်အကြာမှာ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ထပ်မံရရှိခဲ့တာပါ။

ယခုခရီးစဉ်အတွင်း မြန်မာ့ဆန်တင်ပို့မှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဖိလစ်ပိုင်၊ မလေးရှားနဲ့ အာဖရိကနိုင်ငံတွေမှာ ဈေးကွက်ချဲ့ထွင်နိုင်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF အနေနဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ပြည်ပကို မြန်မာ့ဆန်တန်ချိန် ၃ သန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားပြီး နိုင်ငံတကာဈေးကွက်တွေမှာ မြန်မာ့ဆန် ပိုမိုရောင်းချနိုင်ရေး ဆက်လက် ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

World’s Best Rice Award ဟာ နိုင်ငံတကာဆန်စပါးလုပ်ငန်းနဲ့ ဆက်စပ်တဲ့ The Rice Trader ရဲ့ World Rice Conference မှာ ကျင်းပတဲ့ ဆန်အရည်အသွေးပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။

အဲ့ဒီ ညီလာခံဟာ ဆန်စိုက်ပျိုးထုတ်လုပ်သူတွေ၊ ဆန်စက်လုပ်ငန်းရှင်တွေ၊ တင်ပို့သူတွေ၊ ဝယ်ယူတင်သွင်းသူတွေနဲ့ နိုင်ငံတကာဆန်ကုန်သွယ်ရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပြီး ဈေးကွက်အခြေအနေ၊ ကုန်သွယ်ရေးနဲ့ လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းတွေ ဆွေးနွေကြတဲ့ နိုင်ငံတကာပွဲ တစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာ့ပေါ်ဆန်းဆန်ဟာ အရင်ကလည်း နိုင်ငံတကာဆန်ပြိုင်ပွဲတွေမှာ အသိအမှတ်ပြုခံခဲ့ရဖူးပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဖော်ပြချက်အရ ဧရာဝတီတိုင်းထွက် ဖျာပုံပေါ်ဆန်းဆန်ဟာ ၂၀၀၉ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ World’s Best Rice ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ ဗီယက်နမ်နိုင်ငံက ပြိုင်ပွဲမှာ အမြင့်ဆုံးဆုကို ရရှိခဲ့ပါတယ်။

#မြန်မာ့ပေါ်ဆန်းမွှေးဆန်

#ကမ္ဘာ့အကောင်းဆုံး

#ဆန်

#ဆန်စပါးညီလာခံ

#စီးပွားရေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin