၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ဖိုးစည်၊ ကြည်ညို
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို အရေးယူတာ ဆက်လက် လုပ်ဆောင်နေပြီး ခရိုင် ၁၀ ခုမှာ စုစုပေါင်း ၂,၇၈၂ ခုကို အရေးယူထားတယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောဆိုပါတယ်။
အောက်တိုဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။
ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်က အင်းစိန်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်နဲ့ စမ်းချောင်းမြို့နယ်တွေမှာ ခွင့်ပြုချက် မရှိတဲ့ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်နေမှုကို ဘယ်လိုအရေးယူမလဲဆိုပြီး မေးမြန်းခဲ့ပါတယ်။
ဦးစိုးမြင့်က တရားဝင်လိုင်စင်ရ ကန်ထရိုက်တာတွေ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောက်လုပ်နေကြတဲ့အချိန်မှာ လိုင်စင်မရှိသူတချို့ကလည်း အဲဒီလုပ်ငန်းရှင်တွေနဲ့ တူညီသလို ပြုမူပြီး အဆောက်အအုံတွေ ဆောက်လုပ်နေကြတယ်လို့ ပြောပါတယ်။
ဒီကိစ္စဟာ သက်ဆိုင်ရာမြို့နယ်တွေမှာ နေထိုင်သူတွေရဲ့ တိုင်ကြားမှုတွေနဲ့ ဆက်စပ်နေပြီး အဲဒီအတွက် လွှတ်တော်မှာ မေးခွန်းတင်ပြခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စမ်းချောင်းမြို့နယ်က လူနေထိုင်ခွင့်လက်မှတ် (BCC) မရသေးတဲ့ ကန်ထရိုက်တိုက် ၃၂ လုံးကို စည်ပင်သာယာရေးကော်မတီက ပိတ်သိမ်းခဲ့ပြီး အဆောက်အအုံတွေဟာ လိုအပ်တဲ့ ခွင့်ပြုချက်နဲ့ စာရွက်စာတမ်းတွေ မပြည့်စုံတဲ့အခြေအနေတွေနဲ့ ဆက်စပ်လို့ အရေးယူခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်လုပ်ငန်းရှင်တို့ကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေဟာ ဩဂုတ် ၂၆ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်မြိုမှာ ခွင့်ပြုချက်မဲ့ အဆောက်အဦတွေ ဆက်လက် မပေါ်ပေါက်လာစေဖို့ ကြိုတင်စိစစ်တာ၊ တားဆီးတာနဲ့ လိုအပ်ရင် ဖြိုဖျက်ရှင်းလင်းတာတွေ ပြုလုပ့်နိုင်ဖို အဖွဲ့တစ်ဖွဲ့ ဖွဲစည်းပြီး ကြပ်မတ်ဆောင်ရွက်နေတယ်လို့လည်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က မနေ့က ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ပြောကြားသွားပါတယ်။
လက်ရှိအရေးယူထားတဲ့ အဆောက်အဦတွေအနေနဲ့ပတ်ပြီးတော့လည်း လိုက်နာမှု မရှိဘဲ ဆက်လုပ်နေပါက ဒုတိယအဆင့် အနေနဲ့ သက်ဆိုင်ရာ မြိုနယ်ဥပဒေအရာရှိထံက ဥပဒေ အကြံပြုချက် ရယူပြီး ထပ်မံတရားစွဲဆို အရေးယူသွားမယ်လို ဝန်ကြီးက ဆိုပါတယ်။
# ၂,၇၈၂
