Language:

မြန်မာနိုင်ငံမှာ TikTok အသုံးပြုဖို့ VPN လိုအပ်လာဟု သုံးစွဲသူများ ပြောဆို


မြန်မာနိုင်ငံမှာ TikTok အသုံးပြုဖို့ VPN လိုအပ်လာဟု သုံးစွဲသူများ ပြောဆို

၂၉ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

စက်တင်ဘာ ၂၈ ရက်နေ့ မွန်းလွဲပိုင်းကစပြီး မြန်မာနိုင်ငံရှိ TikTok သုံးစွဲသူအချို့အနေဖြင့် VPN ချိတ်ဆက်ထားခြင်း မရှိပါက TikTok အက်ပ်အတွင်း ဗီဒီယိုများကြည့်ရှုခြင်းနှင့် Content များ ဖွင့်ကြည့်ခြင်းတို့ ပြုလုပ်မရတော့ကြောင်း လူမှုကွန်ရက်ပေါ်တွင် ပြောဆိုမှုများ ထွက်ပေါ်လာပါတယ်။

မနေ့က စက်တင်ဘာ ၂၈ ရက်ကစပြီး မြန်မာနိုင်ငံရဲ့ နေရာအချို့မှာ TikTok ကို ပုံမှန် အတိုင်း ဝင်ကြည့်လို့မရတော့ဘဲ VPN ချိတ်ဆက်ပြီးမှ အသုံးပြုလို့ရနေကြောင်း ရန်ကုန်မြို့ခံတချို့က အ‌ရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။

လူမှုကွန်ရက်ပေါ်က ပြောဆိုမှုတွေအရ User တချို့က TikTok ကို VPN မခံဘဲ ဖွင့်မရတော့ဘူးလို့ ဆိုထားပြီး VPN ချိတ်လိုက်တဲ့အခါ ပြန်လည်အသုံးပြုနိုင်တယ်လို့ ပြောထားကြပါတယ်။

ဒါပေမယ့် User တိုင်းအတွက် အခြေအနေတူညီတာတော့ မဟုတ်ပါဘူး။ တချို့ Internet Service Provider တွေမှာ VPN မလိုဘဲ TikTok ကို ဆက်သုံးလို့ရနေသေးတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အချို့သော အိမ်သုံး Wifi အချို့မှာတော့ TikTok ကို VPN မလိုဘဲ အသုံးပြုလို့ ရသေးတယ်လို့ လည်း မရမ်းကုန်းမြို့နယ်နေ အသက်၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်အထိ TikTok ကို မြန်မာနိုင်ငံတစ်ဝန်း တရားဝင်ပိတ်လိုက်ပြီဆိုတဲ့ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်ကတော့ မရှိ‌သေးပါဘူး။

မြန်မာနိုင်ငံမှာ TikTok ကို ၂၀၁၉ ခုနှစ်ဝန်းကျင်ကစပြီး စတင်အသုံးများလာခဲ့တာဖြစ်ပြီး ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွေမှာ Short-video Content တွေ လူကြိုက်များလာတာနဲ့အတူ သုံးစွဲသူအရေအတွက်လည်း အလျင်အမြန် တိုးလာခဲ့ပါတယ်။

အထူးသဖြင့် Mobile Internet နဲ့ Telecom Package တွေကနေ TikTok အသုံးပြုခွင့်တွေ ပိုမိုလွယ်ကူလာတာကလည်း လူကြားထဲ မြန်မြန်ဆန်ဆန် ပျံ့နှံ့လာတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မေလမှာ Telenor Myanmar က TikTok ရဲ့ မြန်မာနိုင်ငံအတွက် ပထမဆုံး official local partner ဖြစ်လာခဲ့တာကလည်း အဲ့ဒီကာလအတွင်း TikTok ဟာ ပြည်တွင်းမှာ အသုံးပြုသူ အရေအတွက် မြင့်တက်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံတွင်း လူအသုံးအများဆုံး ဆိုရှယ်မီဒီယာ ပလက်‌ဖောင်းတစ်ခုဖြစ်တဲ့ Facebook ကို VPN ရှိမှသာ အသုံးပြုနိုင်တာကြောင့် VPN မလိုအပ်တဲ့ Tik Tok ကို ပြောင်းလဲအသုံးပြုသူအရေအတွက်က ပိုမိုမြင့်တက်လာခဲ့ပါတယ်။

#မြန်မာနိုင်ငံ

#TikTok

#MobileInternet

#TelenorMyanmar

#VPN

#သုံးစွဲသူ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin