Language:

တနင်္သာရီတိုင်းအတွင်းရှိ ရဲတံခွန်စီမံကိန်းက ဓာတ်ငွေ့တွင်း (၁၀) တွင်း ပိတ်သိမ်းဖို့ ပြင်ဆင်နေဟုဆို


တနင်္သာရီတိုင်းအတွင်းရှိ ရဲတံခွန်စီမံကိန်းက ဓာတ်ငွေ့တွင်း (၁၀) တွင်း ပိတ်သိမ်းဖို့ ပြင်ဆင်နေဟုဆို

၂၉ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရဲတံခွန်ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ လက်ရှိ ထုတ်လုပ်နေခြင်းမရှိတော့တဲ့ သဘာဝဓာတ်ငွေ့တွင်း (၁၀)တွင်းကို ပိတ်သိမ်းဖို့ စီစဉ်နေတယ်လို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

အဆိုပါ ဓာတ်ငွေ့တွင်းတွေဟာ ရဲတံခွန်ကမ်းလွန်လုပ်ကွက် M-12၊ M-13 နဲ့ M-14 အတွင်းမှာရှိပြီး တွင်းတွေကို ပိတ်သိမ်းရုံသာမက အပြီးတိုင် စွန့်လွှတ်ပိတ်သိမ်းတဲ့ “Plug and Abandonment” လုပ်ငန်းတွေလည်း ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဓာတ်ငွေ့တွင်းတွေ မပိတ်သိမ်းခင်မှာတော့ စီမံကိန်းရဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေကို အရင်ဆုံး ဆန်းစစ်သွားမှာဖြစ်ပါတယ်။

အဲဒီ EIA လုပ်ငန်းတွေကို Gulf Petroleum Myanmar က ဆောင်ရွက်သွားမှာဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်ကလည်း စီမံကိန်းရဲ့ ပတ်ဝန်းကျင်ဆိုင်ရာအကြံပေးကုမ္ပဏီ Unique Environment Myanmar (UEM) က လေ့လာဆန်းစစ်မယ့် အစီအစဉ်တွေကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။

Gulf Petroleum Myanmar ဟာ ရဲတံခွန်စီမံကိန်းကနေ ထွက်ခွာသွားတဲ့ မလေးရှားအခြေစိုက် Petronas ရဲ့ ရှယ်ယာတွေကို MOGE နဲ့အတူ လွှဲပြောင်းရယူပြီးနောက် စီမံကိန်းရဲ့ Operator အဖြစ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ဒါ့အပြင် မုတ္တမကမ်းလွန်က M-10 လုပ်ကွက်မှာ “မင်းရဲသူစီမံကိန်း” အဖြစ် သဘာဝဓာတ်ငွေ့ ရှာဖွေဖော်ထုတ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခွင့်ရရှိထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရတနာ၊ ရဲတံခွန်၊ ဇောတိကနဲ့ ရွှေစတဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကြီး ၄ ခု ကနေ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်တဲ့အပြင် ထပ်မံရှာဖွေတူးဖော်ပြီး ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်နေတဲ့ ကမ်းလွန်စီမံကိန်းကြီး ၂ ခုလည်း ရှိနေပါတယ်။

#တနင်္သာရီတိုင်းဒေသကြီး

#ရဲတံခွန်စီမံကိန်း

#ဓာတ်ငွေ့

#GulfPetroleumMyanmar

#EIA

#သဘာ၀ဓာတ်ငွေ့စီမံကိန်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin