Language:

မုန်တိုင်းငယ်ကို အနီရောင်အဆင့်သတ်မှတ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နဲ့ ရန်ကုန်တိုင်း သုံးခွမြို့တွေကြားကနေ မုန်တိုင်းဖြတ်ကျော်နိုင်


မုန်တိုင်းငယ်ကို အနီရောင်အဆင့်သတ်မှတ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နဲ့ ရန်ကုန်တိုင်း သုံးခွမြို့တွေကြားကနေ မုန်တိုင်းဖြတ်ကျော်နိုင်

၂၈ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

မြန်မာနိုင်ငံ မုတ္တမကွေ့အနီးနဲ့ ကပ္ပလီပင်လယ် (မြောက်ပိုင်း) မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံအတွင်းဘက်ကို ရွေ့လျားလာတာကြောင့် မုန်တိုင်းကို အနီရောင်အဆင့်ဖြစ် သတ်မှတ်လိုက်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းတာချက်တွေအရ မုန်တိုင်းငယ်ဟာ မော်လမြိုင်မြို့ရဲ့ တောင်ဘက် ရေမိုင် ၅၀ ခန့်၊ သုံးခွမြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၉၅ မိုင်ခန့်နဲ့ ပဲခူးမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၂၀ ခန့်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုနေပါတယ်။

လက်ရှိအခြေအနေအရ မုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး လာမယ့် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တို့အကြားကနေ ဖြတ်ကျော်သွားနိုင်ပြီး နောက်ထပ် ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ရန်ကုန်၊ ပဲခူးနဲ့ မကွေးတိုင်းဒေသကြီးတွေကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

“လမ်းကြောင်းကြိုတင်ခန့်မှန်းချက်များအရ စက်တင်ဘာ ၂၈ ရက် 1200UTC တွင် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းနယ်နိမိတ်အနီးမှ မုတ္တမကွေ့ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားပါတယ် အခု စ ဝင်တော့မှာဆိုတော့ မိုးကြီးမယ်/လေပြင်းတာလဲ ရှိနိုင်မယ်။ သတိရှိကြဖို့ မှာချင်ပါတယ်။”လို့ အရပ်ဖက် မိုးလေ၀သပညာရှင် ဦး၀င်းနိုင်က ဒီနေ့ စက်တင်ဘာ ၂၈ ရက် နေ့မှာ သူ့ရဲ့ လူမှုကွန်ယက်မှတဆင့် အသိပေးရေးသားထားပါတယ်။

မုန်တိုင်းငယ်ရဲ့ သက်ရောက်မှုကြောင့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းကနေ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေအပြင် ကယား၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ မိုးထစ်ချုန်းရွာနိုင်ပြီး နေရာအလိုက် မိုးကြီးနိုင်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတဲ့အချိန်တွေအတွင်း လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက် ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့နဲ့ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိထားဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် မိုးသက်လေပြင်းကျရောက်တာနဲ့ ရုတ်တရက်ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ နောက်ဆုံးထုတ်ပြန်တဲ့ မိုးလေဝသသတိပေးချက်တွေကို စောင့်ကြည့်ပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြည်တွင်းလေကြောင်းခရီးစဉ်တွေ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေအနေနဲ့လည်း မုန်တိုင်းအခြေအနေကို ကြိုတင်သတိပြုပြီး လိုအပ်သလို ရှောင်ရှားသွားလာကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။

#မုန်တိုင်းငယ်

#အနီရောင်အဆင့်

#ကျိုက်ထိုမြို့

#သုံးခွမြို့

#မုန်တိုင်း

#သဘာ၀ဘေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin