၂၉ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
NPW
မြန်မာနိုင်ငံ ပြည်တွင်းဘဏ်တွေ အရေအတွက်လျော့ချပြီး ပိုမိုခိုင်မာ အင်အားကြီးပြီး အရည်အသွေးမြင့်တဲ့ ဘဏ်တွေပေါ် ပေါက်လာရေးအတွက် အစိုးရကို တိုက်တွန်းကြောင်းအဆိုကို လှိုင်သာယာ(အရှေ့ပိုင်း)မဲဆန္ဒနယ်က ဦးအေးချမ်းက စက်တင် ဘာ ၂၈ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
“ ဘဏ်သေးတွေကို ပိတ်ခိုင်းတာမဟုတ်ပါဘူး။ ဘဏ်သေးတွေကို ပေါင်းခိုင်းတာပါ။ ပေါင်းစပ်ပြီး ကြီးအောင်လုပ်ဖို့ တွန်းအားပေးပြီး အချိန်ကာလတစ်ခုတွင်း မပေါင်းစပ်နိုင်ရင်၊ မပေါင်းစပ်လာရင် အစိုးရက ဦးဆောင်ပေါင်းစပ်ပေးဖို့ အကြံပြုအပ် ပါတယ် ” လို့ ဦးအေးချမ်းက ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ် ၃၀ ကျော်ရှိပြီး ဘဏ်ကြီး ၅ ခုမှာသာ Swift Transfer နဲ့ Correspondent Accounts Facilities ရှိပြီး ကျန်ဘဏ်တွေမှာ နိုင်ငံတကာက အသိအမှတ်ပြုထားတာမရှိတဲ့အတွက် ဘဏ်ကြီးတွေကိုပဲ လက်ခံသလို ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ စင်ကာပူမှာဆို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဘဏ် ၅ ဘဏ်၊ ထိုင်းမှာ ၁၄ ဘဏ်၊ မလေးရှားမှာ ၈ ဘဏ်သာရှိပေမယ့် နိုင်ငံ့ GDP ကိုလည်း များစွာအထောက်အကူပြုပြီး မြန်မာနိုင်ငံရှိ ဘဏ် ၃၀ ကျော်က နိုင်ငံ့ GDP ကို အနည်းငယ်သာ အထောက်အကူပြုနေနိုင်တယ်လို့ ဆိုပါတယ်။
“ ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဘဏ်တွေက အရည်အသွေးမြှင့်တင်ဖို့ အများကြီးလိုနေပြီဆိုတာကို ကြည့်လို့ရပါ တယ်။ နောက်ဆုံးရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပိုမိုခိုင်မာတဲ့ ဘဏ်တွေရှိဖို့ပါပဲ။ ဘဏ်များများရှိဖို့ အရေအတွက်ထက် ခိုင်မာတဲ့ဘဏ်ကြီးတွေရှိဖို့ လိုနေပါပြီ။ ဘဏ်သေးသေးမွှားမွှားတွေ အများကြီး မလိုအပ်တော့ပါဘူး။ အခုအချိန်အထိ ကိုယ့်ဘဏ်အပ်ငွေတွေကို ထုတ်ချင်သလောက် ထုတ်ချင်တဲ့အချိန်မှာ ထုတ်လို့မရ ဘဏ်တွေရှိနေပါတယ် ” လို့လည်း အဆိုရှင် ဦးအေးချမ်းက ပြောပါတယ်။
စင်ကာပူအစိုးရအနေနဲ့ ၂၀၀၁ ခုနှစ်အတွင်းမှာ ပြည်တွင်းဘဏ် ၂၀ ကျော်ကို ဘဏ်ကြီး ၃ ခုအဖြစ် ပေါင်းစပ်ပေးခဲ့လိုက်တဲ့ အတွက် နိုင်ငံ့ဘဏ်လုပ်ငန်းစနစ်နဲ့ ပင်မဒေါက်တိုင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

