Language:

ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးအတွက် စစ်ဆေးရေးဂိတ်တွေ လျော့ချသွားရမယ်


ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးအတွက် စစ်ဆေးရေးဂိတ်တွေ လျော့ချသွားရမယ်

၂၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

NPW

ကုန်စည်စီးဆင်းမှု မြန်ဆန်ဖို့အတွက် လမ်းကြောင်းတစ်လျှောက်ရှိ မလိုအပ်တဲ့ စစ်ဆေးရေးဂိတ်တွေကို လျှော့သွားဖို့လိုတယ်လို့ သြဂုတ်လ ၂၅ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက်လည်း လမ်းကြောင်းတွေတစ်လျှောက်က မလိုလားအပ်တဲ့ စစ်ဆေးရေးဂိတ်တွေ လျှော့ချသွားဖို့လိုသလို တရားမဝင် ကုန်သွယ်မှုတွေမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ် ” လို့ သမ္မတက ပြောပါတယ်။

တရားမဝင် ကုန်သွယ်မှုတွေ ဆောင်ရွက်ခြင်းတာကြောင့် နိုင်ငံအတွက် ရသင့်ရထိုက်တဲ့အခွန်အခတွေမရဘဲ ထိခိုက်နစ်နာတာ၊ အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေကို ပြည်သူတွေ ဈေးကြီးပေး ဝယ်ယူသုံးစွဲနေရလို့ ထိခိုက်နစ်နာခြင်းတာတွေ ဖြစ်နိုင်တာကြောင့် ကုန်သွယ်မှု လျှင်မြန်လုံခြုံချောမွေ့စေရေးနဲ့ တရားမဝင် ကုန်သွယ်မှုတွေမရှိစေရေးကို တာဝန်ရှိသူတွေက အလေးထား ကြပ်မတ်ဆောင်ရွက်သွားကြဖို့လည်း ဦးမင်းအောင်လှိုင်က ဆိုပါတယ်။

ကုန်သွယ်မှုမှာလည်း သွင်းကုန်၊ ပို့ကုန်လုပ်ငန်းအားလုံးကို ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် ဆောင်ရွက်ကြဖို့နဲ့ သွင်းကုန်၊ ပို့ကုန်ပစ္စည်းတွေ အရည်အသွေးပြည့်မီရေး ကြပ်မတ်စစ်ဆေးကြဖို့လိုပြီး မရိုးမသားဆောင်ရွက်တာတွေကြောင့် နိုင်ငံရဲ့ပုံရိပ် ကို မထိခိုက်စေဖို့ကိုလည်း သမ္မတက ပြောပါတယ်။

နိုင်ငံမှာ ခေတ်အဆက်ဆက်ကဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကိုပြန်ကြည့်ရင် စီးပွားရေးကျဆင်းမှုကိုအဓိကအခြေခံပြီးဖြစ်ခဲ့တာ ကြောင့် ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တာဝန်ရှိသူတွေအ နေနဲ့ နိုင်ငံမှာဖြစ်နေတဲ့ ပကတိအခြေအနေမှန်တွေကို မှန်မှန်ကန်ကန်တင်ပြဖို့လိုတယ်လို့လည်း ဆိုပါတယ်။

အစိုးရအနေနဲ့ စီးပွားရေးအားကောင်းအောင် ဆောင်ရွက်နေပေမယ့် အချို့နိုင်ငံတွေရဲ့ စီးပွားရေး၊ နိုင်ငံရေးပိတ်ဆို့မှုတွေ ကြောင့် ထိုက်သင့်သလောက်တိုးတက်မှုမရရှိဘဲ နှောင့်နှေးနေတဲ့အတွက် ပို့ကုန်ကဏ္ဍမြှင့်တင်ပြီး စီးပွားရေးတိုးတက်အောင် မဖြစ်မနေဆောင်ရွက်သွားရမယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

ပြည်ပထောက်ပံ့ငွေနဲ့ ချေးငွေတွေကို အားကိုးလို့ရမှာမဟုတ်တဲ့အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးကာ နိုင်ငံ့စီးပွား တိုးတက်လာအောင် ဆောင်ရွက်ကြရမယ်လို့လည်း ဆိုပါတယ်။

#စီးပွားရေး

#ကုန်သွယ်ရေး

#တရားမဝင်ကုန်စည်

#နိုင်ငံတော်သမ္မတ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin