Language:

အခြေခံပညာကျောင်းအားလုံးကို စံကိုက်ကျောင်းတွေဖြစ်အောင် ဆောင်ရွက်မယ်လို့ သမ္မတပြော


အခြေခံပညာကျောင်းအားလုံးကို စံကိုက်ကျောင်းတွေဖြစ်အောင် ဆောင်ရွက်မယ်လို့ သမ္မတပြော

၂၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

NPW

အခြေခံပညာကျောင်းအားလုံးကို စံကိုက်ကျောင်းတွေဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ သြဂုတ် ၂၅ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းပေါင်း ၅၀၉၆၂ ကျောင်းရှိပြီး စံကိုက်တဲ့ကျောင်းမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိတဲ့အတွက် အခြေခံပညာကျောင်းအားလုံး စံကိုက်ကျောင်းများဖြစ်စေရေး ဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

အခြေခံပညာကျောင်းတွေရဲ့ စံကိုက်ညီမှုသတ်မှတ်ချက်မှာ အခြေခံပညာမူလတန်းကျောင်းအနေနဲ့ သတ်မှတ်ဧရိယာ ၃ ဧက မှ ၅ ဧက၊ အခြေခံပညာ အလယ်တန်းကျောင်းအနေနဲ့ ၅ ဧကမှ ၇ ဧက၊ အခြေခံပညာအထက်တန်းကျောင်းအနေနဲ့ ၇ ဧကမှ ၁၀ ဧက ရှိရန်သတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူတွေ တန်းစီတဲ့နေရာ၊ အားကစားပြုလုပ်မယ့်နေရာတွေနဲ့ ကစားကွင်းတွေရှိဖို့လိုသလို အဆောက်အဦတွေကိုလည်း စနစ်တကျဆောက်လုပ်ဖို့လိုတယ်လို့ သမ္မတက ပြောပါတယ်။

“ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အခြေခံပညာကျောင်းတွေရဲ့ မြေပြင်အခြေအနေတွေကို စနစ်တကျစာရင်းကောက်ယူပြီး သတ်မှတ်ထားတဲ့ မြေဧရိယာ အကျယ်အဝန်း အခြေအနေပေးတဲ့ ကျောင်းတွေကို လက်ရှိအစိုးရ တာဝန်ယူချိန်အတွင်း စံကိုက်ကျောင်းတွေအဖြစ် ဦးစားပေးအဆင့်အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ” လို့ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။

အခုလို စံကိုက်ကျောင်းတွေ ဆောက်လုပ်တာမှာလည်း စနစ်တကျ ဆောက်လုပ်သွားဖို့နဲ့ ရေရှည်အတွက် ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်သွားဖို့ စာသင်ကျောင်းတွေ လုံခြုံမှုရှိစေရေး၊ စနစ်တကျရှိစေရေး၊ သန့်ရှင်းသာယာမှုရှိစေရေး၊ စာသင်ကျောင်းတွေအနီး ပတ်ဝန်းကျင်ကောင်း ဖြစ်စေရေးကိုလည်း စနစ်တကျ ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ပြောပါတယ်။

ပညာရေးကဏ္ဍ တိုးတက်ဖို့အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၆ ဒသမ ၉၂ ရာခိုင်နှုန်း အသုံးပြုသွားမှာ ဖြစ်သလို အခြားဝန်ကြီးဌာနတွေရဲ့ ပညာရေးကဏ္ဍအပါအဝင် နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုသွားမှာဖြစ်ပြီး လာမယ့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှာလည်း ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၀ ရာခိုင်နှုန်းထက်မနည်း၊ လာမယ့်တစ်နှစ်ကျော် ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်မှာလည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားဖို့ စီမံဆောင်ရွက်နေတယ်လို့ အစိုးရရဲ့ ရက် ၁၀၀ ပြည့် မိန့်ခွန်းမှာ သမ္မတက ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ်ကကောက်ယူခဲ့တဲ့ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ အတန်းပညာမရှိသူမှာ နိုင်ငံ့လူဦးရေရဲ့ ၅၈ ဒသမ ၁၈ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်မှာ ၄၁ ဒသမ ၀၉ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်မှာ ၁၀ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်မှာ ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိတယ်လို့လည်း သိရပါတယ်။

#ပညာရေး

#ဘဏ္ဍာရေး

#အခြေခံပညာကျောင်း

#ဝန်ကြီးဌာန

#သမ္မတ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin