၂၀ ဩဂုတ် ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ဩဂုတ်လ (၁၉) ရက်နေ့က ပညာရေးလိုအပ်ချက်များ ကူညီပေးနိုင်ရေးအတွက် တာဝန်ရှိသူများ သွားရောက်တွေ့စုံပွဲတွင် တာချီလိတ်ရဲ့ မြို့နယ်ပညာရေးမှူး(ဖလား) ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကို မိုင်းကိုးကျေးရွာတွင် ကျင်းကပြုလုပ်မယ်လို့ သိရပါတယ်။
အဆိုပါ ကျောင်းပေါင်းဆုံဘောလုံးပြိုင်ပွဲကို မိုင်းကိုးကျေးရွာအုပ်စုမှာ အသင်း(၁၈)ပါဝင်ကာ တစ်နေ့ (၄)ပွဲဖြင့် ပါဝင်ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး နှစ်စဥ် တာချီလိတ်မြို့မ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်မှာတော့ ကျင်းပပြုလုပ်မည့် ကွင်းမရှိသည့်အတွက် မိုင်းကိုးကျေးရွာမှာ ယာယီပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က စာပို့ပြီး ညှိနှိုင်းဆောင်ရွက်ဖို့ အကူညီတောင်းပါတယ်။ သူတို့ဘက်မှာလည်း လာအို-မြန်မာ ချစ်ကြည်ရေးပွဲရှိတော့ သူတို့အနေနဲ့ မြက်ခင်းအသစ်တွေစိုက်ထားတာ ၄၅ ရက်မပြည့်သေးဘူးလို့ပြောတယ်။ အခုက သူတို့ဖက်က ကွင်းမအားသေးတာဖြစ်လို့ အဆင်ပြေတဲ့ကွင်းမှာ သွားကန်ရတာပါ။ ဒါကယာယီပြုလုပ်တာပါ ။ တကယ်လို့ ဟိုဖက်ကပြိုင်ပွဲပြီးရင် အဲ့ဒီမှာပြန်လုပ်မယ်လို့” မြို့နယ်ပညာရေးမှုး ဦးလှမျိုးနိုင်မှ အရှေ့သံလွင်သတင်းဌာနကိုပြောပါတယ်။
ထို့နောက် တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်အပါဝင် တာချီလိတ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုး ဦးတင့်ဝေသုံတို့လည်း တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
တစ်ဖက်မှာတော့ စတင်ဘာလ (၅)ရက်နေ့တွင် မြန်မာ -လာအို နှစ်နိုင်ငံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို တာချီလိတ် မြို့မဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ချစ်ကြည်ရေးပွဲအပြီးမှာလည်း မြို့နယ်ပညာရေးမှူး(ဖလား)ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ညှိနှိုင်းခြင်းမရှိလို့ အစီအစဥ်များ လုပ်ဆောင်ပေးဖို့မရှိဘူးလို့သိရပါတယ်။
“အကိုတို့ဘက်မှာတော့ နိုင်ငံရဲ့ဂုဏ်သိက္ခာအရ ၊ မြို့ရဲ့ဂုဏ်သိက္ခာအရ အခွင့်ကောင်းဖြစ်ဖို့လိုတော့ ကွင်းကိုပြန်လည်ပြုပြင်ထားရတယ်။ မြက်ခင်းစိုက်တာကလည်းအချိန် (၄၅) ရက်ပေးရတယ်။ ဒီပြိုင်ပွဲပြီးရင်တော့ ပညာရေးဌာနအတွက် လုပ်ပေးဖို့အစီစဥ်မရှိသေးဘူး။ ချစ်ကြည်ရေးပွဲပြီးရင် တာချီလိတ်ကွင်းမှာ ပြန်ကန်မယ်ဆိုတာကလည်း သူတို့သဘောနဲ့သူတို့ပြောတာပါ။ သူတို့ဖက်ကလည်း လူတွေ လာညှိနှိုင်းတာတွေမရှိပါဘူးလို့ ” အား/ကာမှုး ဦးသန်းလှိုင်မှ ရှေ့သံလွင်မီဒီယာကိုပြောပါတယ်။
လက်ရှိမှာတော့ နှစ်နိုင်ငံချစ်ကြည်ရေးပွဲအပြီးတွင် ကျန်ရှိသေးတဲ့လုပ်ငန်းစဥ်အတိုင်း တာချီလိတ်မြို့တွင် Over 38 အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် အောက်တိုဘာလ (၁၇) ရက်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှကျင်းပပြုလုပ်တဲ့ U15 league ပြိုင်ပွဲအား အိမ်ကွင်းအဖြစ် လက်ခံကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပညာရေးဌာနမှ ဘာမှပြောကြားခြင်းမရှိတာကြောင့် ပြုလုပ်ပေးရန် အစီစဥ်မရှိသေးဘူးလို့ သိရပါတယ်။

