Language:

နယ်စပ်ကနေ ချင်းမိုင်ဘက်သယ်လာတဲ့ အာဗိုကာဒို ၈ တန် တရားမဝင်တင်သွင်းမှု ဖမ်းဆီး


နယ်စပ်ကနေ ချင်းမိုင်ဘက်သယ်လာတဲ့ အာဗိုကာဒို ၈ တန် တရားမဝင်တင်သွင်းမှု ဖမ်းဆီး

၁၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းနိုင်ငံမြောက်ပိုင်း ဖရယ်ခရိုင်မှာ နယ်စပ်ကနေ တရားမဝင်တင်သွင်းလာတဲ့ ထောပတ်သီး (၈) တန်ကို အကောက်ခွန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၆) ရက်နေ့က ထိုင်းအကောက်ခွန်ဦးစီးဌာန အမှတ် (၃)ဒေသ အကောက်ခွန်ရုံးက စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဖရယ်ခရိုင်အတွင်း တရားမဝင် စိုက်ပျိုးရေးထွက်ကုန်တွေ တင်သွင်းလာမှုကို စောင့်ကြည့်စစ်ဆေးနေခဲ့တာပါ။

အဲဒီလို စစ်ဆေးနေချိန်မှာ ဒင်ချိုင်ကနေ ချင်းမိုင်ဘက်ကိုသွားတဲ့ အမျိုးသား အဝေးပြေးလမ်းမကြီး အမှတ် (၁၀၁)ပေါ်မှာ သံသယဖြစ်ဖွယ် (၆) ဘီး ကုန်တင်ကားတစ်စီးကို တွေ့ရှိခဲ့တာကြောင့် ရပ်တန့်စစ်ဆေးခဲ့တာပါ။

ကားကို စစ်ဆေးတဲ့အခါ နိုင်ငံခြားကနေ ထုတ်လုပ်တင်သွင်းလာတဲ့ ထောပတ်သီးတွေကို တွေ့ရှိခဲ့ပြီး စုစုပေါင်း အလေးချိန် (၈,၀၀၀) ကီလိုဂရမ်၊ ဒါမှမဟုတ် (၈)တန်ရှိပါတယ်။ တန်ဖိုးကတော့ ထိုင်းဘတ် (၉၆၀,၀၀၀) ကျော်ရှိတယ်လို့ အကောက်ခွန်ဦးစီးဌာနက ပြောပါတယ်။

ဒါပေမဲ့ အဲဒီ ထောပတ်သီးတွေကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအတိုင်း တရားဝင် တင်သွင်းထားကြောင်း အထောက်အထား မတွေ့ခဲ့ရပါဘူး။

အဲဒါကြောင့် ထိုင်းနိုင်ငံ အကောက်ခွန်ဥပဒေ ၂၀၁၇ ခုနှစ် ပုဒ်မ ၂၄၂၊ ပုဒ်မ ၂၄၆ နဲ့ ပုဒ်မ ၂၅၂ တို့အရ အရေးယူနိုင်တဲ့ ပြစ်မှုဖြစ်တာကြောင့် အာဗိုကာဒိုတွေကို သိမ်းဆည်းခဲ့ပါတယ်။

သိမ်းဆည်းထားတဲ့ ထောပတ်သီးတွေကိုတော့ ချင်းမိုင် အပြည်ပြည်ဆိုင်ရာလေဆိပ် အကောက်ခွန်စစ်ဆေးရေးစခန်းကို ပို့ဆောင်ပြီး ဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။

ထိုင်းအကောက်ခွန်ဦးစီးဌာနကလည်း နယ်စပ်ကနေ တရားမဝင် စိုက်ပျိုးရေးထွက်ကုန်တွေ တင်သွင်းလာတာကို ဆက်လက် တားဆီးနှိမ်နင်းသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် သတင်းအချက်အလက်တွေ၊ နည်းပညာတွေကို အသုံးပြုပြီး တရားမဝင် ကုန်သွယ်မှုတွေကို ဖော်ထုတ်တားဆီးသွားမှာဖြစ်သလို ဥပဒေလိုက်နာတဲ့ လုပ်ငန်းရှင်တွေအတွက် တရားမျှတမှုရှိစေဖို့နဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးသွားမယ်လို့ အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

#တရားမဝင်ကုန်စည်

#နယ်စပ်

#ထောပတ်သီး

#ချင်းမိုင်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin