၁၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
NPW
ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည်စခန်းတွေနဲ့ ဒေသခံတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီး သေဆုံးတာတွေပါရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဝမ်းပျက်၊ ဝမ်းလျှောတွေ ဖြစ်နေတာက ဒုက္ခသည်စခန်းမှာ (၄၀) ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ ဒေသခံတွေမှာလည်း ၃၀ ရာခိုင်နှုန်းလောက် ဖြစ်နေကြတယ်။ အခုလောလောဆယ် ကျွန်တော်သိရသလောက် ၄ ယောက်လောက်သေပါတယ်။ အုန်း တောချေ၊ ပလ္လင်ပြင်နဲ့ သက္ကယ်ပြင် ဒုက္ခသည်စခန်းတွေက အသက် (၉၀)ကျော် အဘွားတစ်ဦး၊ (၇)နှစ်၊ (၈) နှစ်နဲ့ (၄) နှစ်အရွယ် ကလေးသုံးယောက် ” လို့ သက္ကပြင်ဒေသခံတစ်ဦးက ဆိုပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး သက္ကယ်ပြင် တိုက်နယ်ဆေးရုံမှာ ဒုက္ခသည်စခန်းက ဝမ်းပျက်ဝမ်းလျှော လူနာ (၃၃) ဦးနဲ့ သက္ကယ်ပြင်က (၃) ဦး တက်ရောက် နေကြရတယ်လို့ သိရပါတယ်။ လက်တလောစစ်တွေမှာ ထင်းရှားပါးနေတဲ့အတွက် စားသောက်ရေးချက်ပြုတ်တာမှာ ပလပ်စတစ်နဲ့ ရေသန့်ဗူးခွံတွေကို လောင်စာအဖြစ် အသုံးပြုပြီး ချက်ပြုတ်နေရကြောင့် ရောဂါဖြစ်နိုင်တယ်လို့ ပြောပါတယ်။
အခုလိုဖြစ်နေတဲ့အပေါ် ထိရောက်တဲ့ ကူညီမှုတွေမရှိတဲ့အပြင် တစ်နေရာနဲ့တစ်နေရာ သွားလာခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။
“နယ်စပ်ရေးရာဝန်ကြီးဌာနကတော့ Mask တစ်ခုစီနဲ့ ရေသန့်ဗူးတွေပေး ဓါတ်ပုံရိုက်ပြီး ပြန်သွားတယ် ” လို့ အဆိုပါဒေသခံက ဆိုပါတယ်။
အခုလို စစ်တွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့အပြင် စားသောက်ရေးပါ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။
“စားဝတ်နေရေးဆိုလည်း တော်တော်လေးကို ခက်ခဲနေပါတယ်။ ပိုက်ဆံနည်းနည်းရှိတဲ့ လူနည်းစုပဲ စားရေးသောက်ရေး အဆင်ပြေပြီး အများစုက တော်တော်အခက်အခဲ ဖြစ်နေကြရတယ်။ WFP က ဒုက္ခသည်တစ်ဦးကို တစ်လမှ လေးသောင်းခွဲပေးတယ်။ အဲ့ဒါကလည်း ဒီမှာ ကုန်ဈေးနှုန်းတွေ တအားကြီးနေတော့ နှစ်ရက်စာလောက်ပဲရှိတယ် ” လို့ ပြောပါတယ်။
စစ်တွေမြို့မှာ ရိုဟင်ဂျာ သုံးသိန်းကျော်နဲ့ ဒုက္ခသည် တစ်သိန်းကျော်ရှိပြီး ဂိတ်ပေါင်း (၁၇) ဂိတ်ရှိတယ်လို့ ဆိုပါတယ်။ ဂိတ် တွေကိုဖြတ်ရင် အသွား တစ်ထောင်၊ အပြန် တစ်ထောင်ပေးရတယ်လို့လည်း ပြောပါတယ်။

