Language:

ဘင်္ဂလားဒေ့ရှ်စခန်းတွေမှာ နေထိုင်သူအားလုံး မြန်မာဘက်မှလာသူတွေဟု စွပ်စွဲပြောဆိုချက် မြန်မာကန့်ကွက်


ဘင်္ဂလားဒေ့ရှ်စခန်းတွေမှာ နေထိုင်သူအားလုံး မြန်မာဘက်မှလာသူတွေဟု စွပ်စွဲပြောဆိုချက် မြန်မာကန့်ကွက်

၁၅ သြဂုတ်လ ၂၀၂၆(Eastern ThanLwin)

NPW

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေ၊ အခြားနိုင်ငံတွေကို ရွှေ့ပြောင်းသွားလာကြတဲ့ လှေစီးဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားရှိ စခန်းတွေမှာ နေထိုင်နေတဲ့သူတွေအားလုံးမှာ မြန်မာနိုင်ငံက လာရောက်သူဖြစ်တယ်ဆိုတဲ့ ကမ္ဘာ့မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် (၁၅)ရက်က ထုတ်ပြန်ပါတယ်။

ကမ္ဘာ့သတင်းမီဒီယာတွေမှာ အမျိုးမျိုးပုံဖော်ရေးသား၊ ထုတ်လွှင့်ပြောဆိုနေမှုတွေဟာ သတင်းမှား၊ အချက်အလက်မှားတွေကို အခြေခံပြီး တစ်ဖက်စောင်းနင်း ရေးသားပြောဆိုနေကြတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာဘက်ကို နေရပ်စွန့်ခွာသူများစာရင်းအဖြစ် ပေးပို့ခဲ့တဲ့ လူဦးရေအမည်စာရင်း (၈၂၈၈၂၄) ဦးကို ၂၀၂၆ ခုနှစ် ဇူလိုင် (၃၁) ရက်အထိ (၄၂၆၅၄၅) ဦးကို စိစစ်ခဲ့ပြီး စိစစ်ချက်အရ ရခိုင်ပြည်နယ်မှာနေထိုင်ခဲ့ကြောင်း အထောက် အထားတွေ့ရှိသူ ၃၀၈၇၉၇ ဦး၊ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့သူ (၄၂၄၁) ဦးနဲ့ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြောင်း အထောက်အထားမတွေ့ရှိရသူ (၁၁၃၅၀၇)ဦး စိစစ်တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါကိန်းဂဏန်းတွေအရ ဘင်္ဂလားဒေ့ရှ်စခန်းတွေမှာ နေထိုင်သူအားလုံးဟာ မြန်မာနိုင်ငံက လာရောက်သူတွေလို့ စွပ်စွဲပြောဆိုချက်တွေ အပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ လှေစီးဒုက္ခသည်တွေနဲ့ အခြားနိုင်ငံတွေကို မြန်မာနိုင်ငံမှာမရှိတဲ့ လူမျိုးအမည်နဲ့ ရောက်ရှိနေသူတွေကို မြန်မာနိုင်ငံက စွပ်စွဲဖော်ပြနေတာတွေကို ပြတ်သားစွာ ကန့်ကွက်ပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မှတ်တမ်းတွေအရ အာဆာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မတိုင်ခင် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ရှိ ဘင်္ဂါလီဦးရေမှာ (၇၄၀,၀၀၀)ကျော်ရှိခဲ့ပြီး ဖြစ်စဉ်ပြီးနောက် ဘင်္ဂါလီဦးရေ (၂၀၀,၀၀၀)ကျော် ကျန်တဲ့အတွက် ဘင်္ဂါလီဦးရေ (၅၄၀,၀၀၀) ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို နေရပ်စွန့်ခွာသွားခဲ့ကြောင်း စိစစ်ချက်တွေ့ရှိချက်အရ ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူ ၁ သန်း ကျော်ရှိတယ်လို့ ပြောကြားနေမှုတွေမှာလည်း မှားယွင်းတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်လအတွင်း နှစ်နိုင်ငံသဘောတူစာချုပ် (၃)ခု ချုပ်ဆိုခဲ့ပြီး စာချုပ်နဲ့အညီလက်ခံဖို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်မှာ တစ်ကြိမ်၊ ပူးတွဲလုပ်ငန်းအဖွဲ့သဘောတူညီချက်အရ ၂၀၁၈ ခုနှစ် နိုဝင်ဘာ (၁၅) ရက်မှာ တစ်ကြိမ်၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အကြောင်းကြားချက်အရ ၂၀၁၉ ခုနှစ် သြဂုတ် (၂၂) ရက်မှာ တစ်ကြိမ် စုစုပေါင်း(၃)ကြိမ် စီစဉ်စောင့်ဆိုင်းခဲ့ပေမယ့်လည်း ပြန်လည်ဝင်ရောက်ခဲ့တာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးဟာ နှစ်နိုင်ငံအကြားဖြေရှင်းရမယ့် ကိစ္စဖြစ်ပြီး နိုင်ငံတကာပြဿနာအဖြစ် ပုံဖော်နေတဲ့အပေါ် စိတ်မသက်မသာ ဖြစ်ရပြီး စိစစ်ပြီး နေရပ်စွန့်ခွာသူတွေကို ၎င်းတို့ဆန္ဒအလျောက် လုံခြုံဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင် ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့ဖူးကြောင်းစိစစ်ပြီးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူတွေကို ရခိုင်ပြည်နယ် လုံခြုံရေးအခြေ အနေ တိုးတက်ကောင်းမွန်လာရင် ညှိနှိုင်းကာ ပြန်လည်လက်ခံသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၇၈၊ ၁၉၉၁၊ ၁၉၉၂ ခုနှစ်တွေက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထောက်အထားစစ်ဆေးစိစစ်တဲ့ လုပ်ငန်း စဉ်တွေကြောင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်ကို နေရပ်စွန့်ခွာခဲ့သူ ဘင်္ဂါလီတွေကို နှစ်နိုင်ငံသဘောတူညီချက်နဲ့ ပြန်လည် လက်ခံခဲ့တာ ၁၉၇၈-၁၉၇၉ ခုနှစ်အတွင်း ၁၈၆၉၆၈ ဦး၊ ၁၉၉၂-၂၀၀၅ ခုနှစ်အတွင်း (၂၃၆၄၉၅) ဦး ပြန်လည်လက်ခံခဲ့တယ်လို့ လည်း သိရပါတယ်။

#ဘင်္ဂါလီ

#ရွှေ့ပြောင်းနေရပ်စွန့်ခွါ

#ဘင်္ဂလားဒေ့ရ်

#မြန်မာနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin