Language:

တာချီလိတ် လိုင်းခန်းငှါးတွေကို မီတာခ (၈)ဘတ် တပြေးညီကောက်ရန် ရှမ်းအစိုးရ ညွှန်ကြား


တာချီလိတ် လိုင်းခန်းငှါးတွေကို မီတာခ (၈)ဘတ် တပြေးညီကောက်ရန် ရှမ်းအစိုးရ ညွှန်ကြား

၁၅ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုရဲ

တာချီလိတ်မြို့က အိမ်ခန်းငှားပိုင်ရှင်တွေကို မီတာခတစ်ယူနစ်(၈)ဘတ် တပြေးညီကောက်ခံဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က မြို့မီးလင်းရုံးက်ောမတီဆီ ညွှန်ကြားထားတယ်လို့ သိရှိရပါတယ်။

လက်ရှိမှာ လိုင်းခန်းငှါးပိုင်ရှင်တွေက တပြေးညီတည်းကောက်ရန် ညွှန်ကြားထားတာမရှိတဲ့အတွက် အချို့နေရာတွေမှာ တစ်ယူနစ်ကို (၁၀)ဘတ်မှ (၁၅)ဘတ်အထိ ကောက်ယူနေတာတွေရှိသလို အချို့ အိမ်ရှင်တွေဟာ (၇)ဘတ် (၈)ဘတ်နှုန်းကောက်ယူနေတာတွေရှိတယ်လို့ သိရှိရပါတယ်။

“အိမ်ခန်းငှားပိုင်ရှင်က မီတာခမလျှော့ဘူးဆိုရင် ခန်းငှားတွေကလည်း ရပ်ကွက်ရုံးကိုသွားတိုင်လို့ရတယ် ရပ်ကွက်ရုံးကလည်း သက်ဆိုင်ရာ မြို့မီးလင်းရုံးကို သွားပြော။ မီးလင်းရုံးကနေ အဲ့အိမ်ခန်းငှားကိုမီးဖြတ်မယ်။ ပြေလည်တဲ့အချိန်ကျမှ မီးပြန်ပေးတာမျိုး စီစဉ်ထားတယ်။ မကြာခင် မီးအဆင်ပြေတော့မယ်”လို့ တာချီလိတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

တာချီလိတ်မြို့မှာ လာရောက်လုပ်ကိုင်စားသောက်သူအများစုမှာ ရွှေ့ပြောင်းအခြေချလာတဲ့သူတွေ များပြားတဲ့အတွက် လိုင်းခန်းငှါးတွေမှာ ငှါးရမ်းနေထိုင်ရကာ မီတာခဈေးနှုန်း ကြီးမြှင့်တဲ့အပေါ် လုပ်ခလစာနှင့် မလောက်ငှတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်က ရှမ်းပြည်နယ်အစိုးရဆီ တင်ပြတဲ့အပေါ် အစိုးရက ညွှန်ကြားချက်ထုတ်ပြီး ဖြေရှင်းပေးတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ရှမ်းပြည်နယ်အစိုးရရဲ့ တာချီလိတ် လိုင်းခန်းငှါးတွေမှာ မီတာခ တစ်ပြေးညီတည်း သတ်မှတ်ကောက်ခံရေး ညွှန်ကြားချက်ကိုတော့ မြို့မီးလင်းရေး ဦးဆောင်ကော်မတီက မကြာခင် အကောင်အထည်ဖေါ်ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။

တာချီလိတ်မြို့ မြို့မီးလင်းရေးဦးဆောင်ကော်မတီက အိမ်သုံးမီတာကို မီတာခတစ်ယူနစ်ကို (၅ဘတ် ပြား၈၀)နှုန်းနဲ့ ကောက်ခံတာဖြစ်ပြီး လုပ်ငန်းသုံး ပါဝါမီတာကို တစ်ယူနစ် (၇)ဘတ် (၁၀)ပြား ကောက်ခံနေတာဖြစ်ပါတယ်။

ထပ်မံပြီး ဒေသခံတွေရဲ့ အိမ်လခဈေးကြီးတာတွေ ရေခဈေးကြီးတာတွေ မီတာခဈေးကြီးတာတွေနဲ့ပက်သက်ပြီး အိမ်ရှင်၊ အိမ်ငှားများကို အစည်းဝေးခေါ်ယူကာ ညှိနှိုင်းမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့လဲ သိရှိရပါတယ်။

#မီတာခ

#တယူနစ်၈ဘတ်

#လိုင်းခန်းငှါး

#လွှတ်တော်ကိုယ်စားလှယ်

#မြို့မီးလင်းရေးကော်မတီ

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin