လေးမျက်နှာဒေသအတွက် အာဟာရဖြည့်ဘီစကွတ် မက်ထရစ်တန်ချိန် ၂၀ ပေးပို့
၁၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ရေကြီးရေလျှံဒေသတွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က မြန်မာနိုင်ငံမှာ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီလို့ သြဂုတ်လ ၁၃ ရက် မနေ့က အသိပေး ထုတ်ပြန်ပါတယ်။
WFP ၏ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို ဇူလိုင် ၃၀ ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာကျိုးပေါက်ပြီး ကျေးရွာများနှင့် ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် အာဟာရဖြည့်ဘီစကွတ်များ ဖြန့်ဝေပေးခြင်းဖြင့် စတင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာဟာရဖြည့် ဘီစကွတ်များတွင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်နှင့် အာဟာရဓာတ်များပါဝင်ပြီး အသင့်စားသုံးနိုင်တဲ့ အစားအစာဖြစ်ကြောင်း WFP က ဆိုပါတယ်။
ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ်အတွင်း အလျင်အမြန် ဆန်းစစ်လေ့လာမှုများအရ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၉၈ ရွာမှ လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ WFP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
WFP အနေဖြင့် ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ပြည်သူများကို ကူညီပံ့ပိုးနေတဲ့ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံ အာဟာရဖြည့်ဘီစကွတ် မက်ထရစ်တန်ချိန် ၂၀ ပေးပို့ထားပြီးဖြစ်ပြီး ယင်းအထောက်အပံ့သည် လူဦးရေ ၁၀,၀၀၀ ခန့်အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ရေကြီးရေလျှံမှုသည် နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဘေးအန္တရာယ်တစ်ရပ် ဖြစ်သော်လည်း ယခုနှစ်တွင် အခြားအကျပ်အတည်းများနှင့် ရင်ဆိုင်နေရတဲ့ ပြည်သူများအတွက် ပိုမိုခက်ခဲတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
“စားဝတ်နေရေးအတွက် အနိုင်နိုင်ရုန်းကန်နေရတဲ့ မိသားစုတွေဟာ အခုဆိုရင် နေအိမ်တွေ ရေမြုပ်တာ၊ သီးနှံတွေ ပျက်စီးတာ၊ သောက်သုံးရေတွေ ညစ်ညမ်းတာနဲ့ ဈေးဆိုင်တွေ မလည်ပတ်နိုင်တော့တာတွေကိုပါ ရင်ဆိုင်နေကြရပါတယ်” ဟု Mr. Michael Dunford ကပြောပါတယ်။
ထို့အပြင် ရေကြီးရေလျှံမှုများ ဆက်လက်ကြာမြင့်နေပါက ရေဘေးသင့်ပြည်သူများ၏ အခြေအနေသည် အချိန်တိုအတွင်း ပိုမိုဆိုးရွားလာနိုင်ကြောင်း ၎င်းက သတိပေးပြောကြားပါတယ်။
WFP အနေဖြင့် လတ်တလော စားနပ်ရိက္ခာအကူအညီများ အမြန်ဆုံးပေးအပ်နိုင်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ရေကြီးရေလျှံမှုတွေ လက်ရှိမှာ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေအတွက် ကူညီထောက်ပံ့ရေး အစီအမံတွေကိုတော့ WFP ရဲ့ထုတ်ပြန်ချက်မှာ ပါ၀င်လာခြင်းမရှိသေးပါဘူး။

